ဇူလိုင် (၉) ရက်တွင် ဝမ်းရောဂါကူးစက်ခံရသူ လူနာသစ် (၆၄) ဦးထပ်တိုးလာပြီး (၄) ရက်အတွင်း လူနာဦးရေ (၂၀၀) ကျော်လာ

0
211

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယမန်နေ့ ဇူလိုင်လ (၉)ရက်၌ ဝမ်းရောဂါကူးစက်ခံရသူ လူနာသစ် (၆၄)ဦး ထပ်တိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ ပြင်းထန်မဟုတ်ဘဲသာမန်ဝမ်းပျက်နေသူများလည်းရှိနေရာ အဆိုပါ လူစာရင်းများပါဝင်ခြင်းမရှိပေ။

ယင်းကဲ့သို့ တွေ့ရှိခဲ့သည့်အတွက် ဇူလိုင်လ (၆) ရက်မှ (၉) ရက်အထိ လူနာသစ်ဦးရေ (၂၀၀)ကျော် ထပ်တိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဝမ်းရောဂါဖြစ်ပွားမှု အခြေအနေအသိပေးချက်အရ ဇူလိုင် (၆) ရက်တွင် လူနာသစ် (၆၃) ဦး၊ ဇူလိုင် (၇) ရက်တွင် လူနာသစ် (၄၄) ဦး၊ ဇူလိုင် (၈) ရက်တွင် လူနာသစ် (၆၀) ဦးနှင့် ဇူလိုင်လ (၉)ရက်တွင် (၆၄) ဦးရှိလာခြင်းဖြစ်သည်။

အဆိုပါ ဝမ်းရောဂါဖြစ်ပွားသူ လူနာများထဲမှ လူနာ (၁၃၀) ဦး ဆေးရုံဆင်းသွားပြီဖြစ်ပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများဖြင့် ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍လည်း ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင်မူ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

အဆိုပါ နေရာများတွင် ကျန်းမာရေး အသိပညာပေးခြင်း၊ သောက်ရေသန့်ရှင်းရေးအတွက် ရေသန့်ဆေးပြားများဝေငှခြင်း၊ သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ အစားအစာချက်ပြုတ်ပြင်ဆင်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်ရေး၊ လက်ဆေးရန်နေရာများထားရှိ၍ ရေနှင့်ဆပ်ပြာ အသင့်ထားရှိရေး၊ ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေးစသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်ဈေးများမှတဆင့်လည်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအား Checklist များအသုံးပြု၍စစ်ဆေးပြီး လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ဆေးရုံကြီးများတွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါလူနာများအား လိုအပ်သော ဆေးကုသမှုရရှိစေရေးအတွက် စနစ်တကျ ဆေးကုသမှုပေးလျက်ရှိပြီး ဆေးဝါးများကိုလည်း ပံ့ပိုးပေးခြင်းနှင့် ရောဂါပိုးထိန်းချုပ်ခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – သင်္ခါရဝိမုတ္တိအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here