FIFA-MFF U-17 League 2023-24 အမှတ်ပေးပြိုင်ပွဲ ရှမ်းအသင်း ဗိုလ်စွဲ

0
166

FIFA-MFF U-17 League 2023-24 ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ် game week- 22 အဖြစ် ရှမ်းအသင်းနှင့် ရခိုင်အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ယနေ့ ဇူလိုင် (၁၀)ရက် ညနေပိုင်းအချိန်၌ ယှဉ်ပြိုင်ကစားကြရာ ရှမ်းယူအသင်းက (၂) ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဆွတ်ခူးခဲ့သည်။

Game week- 21 အထိ ရခိုင်အသင်းက (၅၄) မှတ်၊ ရှမ်းအသင်းက (၅၃) မှတ်ဖြင့် အကြိတ်အနယ် ဖြစ်နေရာမှ ယနေ့ပွဲတွင် ရှမ်းအသင်းက အနိုင်ရခဲ့သဖြင့် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတလျှောက် သွင်းဂိုး (၂၁) ဂိုးဖြင့် ပူးတွဲ ဂိုးသွင်းအများဆုံးဆုရရှိသူ ရှမ်းအသင်းမှ ကြယ်ရောင်မင်းလေးကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးက ဂုဏ်ပြုဆုနှင့် ဆုကြေးငွေ ကျပ် (၅) သိန်း၊ ရခိုင်ယူနိုက်တက်အသင်းမှ ထူးဝဏ္ဏကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ဂုဏ်ပြုဆုနှင့် ဆုကြေးငွေ ကျပ် (၅) သိန်း အသီးသီး ချီးမြှင့်ခဲ့သည်။

ထို့အပြင် အကောင်းဆုံး ကစားသမားဆုရရှိသူ ရှမ်းအသင်းမှ ခွန်ဆောင်ဉာဏ်ကို ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက ဂုဏ်ပြုဆုနှင့် ဆုကြေးငွေကျပ် (၅)သိန်း ချီးမြှင့်ခဲ့သည်။

တတိယ ရရှိသည့် နေပြည်တော် ယူနိုက်တက် အက်ဖ်စီအသင်းအား မြန်မာနေရှင်နယ်လိဂ် ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း (၂၀) ချီးမြှင့်ခဲ့သည်။

ဒုတိယဆုရရှိသည့် ရခိုင်ယူနိုက်တက် အက်ဖ်စီအသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း (၃၀)ချီးမြှင့်ခဲ့သည်။

အလားတူ ချန်ပီယံ ရှမ်းအက်ဖ်စီ အသင်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း (၅၀) ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ချန်ပီယံဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here