ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၁၆ ဦး ဖမ်းဆီးခံရ

0
119

ထိုင်းနိုင်ငံ Phayuha Khiri ခရိုင် မူးယစ်စစ်ဆေးရေးဂိတ်တစ်ခုမှာ ဗုဒ္ဓဟူးနေ့(ဇူလိုင် ၁၀) အစောပိုင်းက ပစ်ကပ်ထရပ်ကားတစ်စီးအတွင်း လိုက်ပါလာတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူတွေကို တွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ သူတို့ကို ခေါ်သွင်းခဲ့တဲ့ ထိုင်းနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ကနေ သံသယဖြစ်ဖွယ် ကားနှစ်စီး ထွက်ခွာသွားတဲ့ဆိုတဲ့ သတင်းအရ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က အနက်ရောင် ပစ်ကပ်ထရပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူယိုရဲ့ မူယစ်တာဆီးရေးဋ္ဌာနမှူး ရဲမှူးကြီး Paitoon Ngamlap က ပြောဆိုပါတယ်။

ယင်းကားအတွင်း ဒရိုင်ဘာဖြစ်သူ ဝီနိုင်း ဝါနာအဝပ်နဲ့ လူငယ်နှစ်ဦး လိုက်ပါခဲ့ပြီး သုံးဦးလုံးက ထိုင်းနိုင်ငံသားတွေဖြစ်ကြောင်း သိရပါတယ်။ သူတို့ကားဟာ ၁၀ ကီလိုမီတာခန့်နောက်မှာကျန်ခဲ့တဲ့ အခြား ပစ်ကပ်တစ်စီးရဲ့ ရှေ့ပြေးအဖြစ်မောင်းလာတာဖြစ်ပြီး မေးမြန်းစစ်ဆေးဖို့အတွက် သူတို့သုံးဦးလုံးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် ဘန်ကောက်လိုင်စင်တပ် ဒုတိယမြောက် ပစ်ကပ်ကားလည်း စစ်ဆေးရေးဂိတ်ကို ရောက်ရှိလာခဲ့ပြီး ရပ်တန့်စစ်ဆေးရာမှာ ကားကို အသက် ၂၇ နှစ်အရွယ် ထိုင်းနိုင်ငံသား ဒရိုင်ဘာဖြစ်သူက မောင်းနှင်လာခဲ့တာကို တွေ့ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက်ရှာဖွေမှုတွေလုပ်ခဲ့ရာမှာ ကားအတွင်း ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၆ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့အားလုံးဟာ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ ဝီနိုင်းရဲ့ အဆိုအရ မြန်မာနိုင်ငံသားတွေကို မဲဆောက်ကနေ အယုဒ္ဓယပြည်နယ်ကို ပို့ဆောင်ပေးဖို့အတွက် အမည်မသိ အမျိုးသားတစ်ဦးကသူ့ကို ဘတ် ၁၀၀၀၀ နဲ့ ငှားရမ်းခဲ့ကြောင်း ရဲကို ထွက်ဆိုခဲ့ပါတယ်။ သူတို့တွေကို အယုဒ္ဓယမှာ အခြားတစ်ဦးဦးက လာရောက်ခေါ်ဆောင်ကာ အလုပ်နေရာရှိရာတွေကို ထပ်မံပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရကြောင်းလည်း ၎င်းက ထွက်ဆိုခဲ့ပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံသား ၄ ဦးနဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here