နောက်ကျအနိုင်ဂိုးနဲ့ ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်လာတဲ့ အင်္ဂလန်

0
171

ဒီနေ့မနက် ဆက်လက်ယှဉ်ပြိုင်ကစားသွားတဲ့ ယူရို ၂၀၂၄ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်မှာတော့ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်က နယ်သာလန်ကို ၂-၁ ဂိုးနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါပြီ။

ပွဲချိန် ၇ မိနစ်မှာပဲ နယ်သာလန်ကစားသမား ဆီမွန်က ၁၈ ကိုက်စည်းထိပ်ကနေ အပြင်းကန်သွင်းကာ နယ်သာလန်တို့အတွက် ဦးဆောင်ဂိုး ရယူသွားခဲ့ပါတယ်။ အင်္ဂလန်တို့ ချေပဂိုးရဖို့ ဖိအားပေးကစားလာခဲ့ပြီး ပွဲချိန် ၁၈ မိနစ်မှာ ဧရိယာအတွင်း ဟယ်ရီကိန်း ဂိုးကန်သွင်းစဉ် နယ်သာလန်နောက်ခံလူ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်က VAR ပြန်ကြည့်ပြီး ပင်နယ်တီ သတ်မှတ်ခဲ့ပါတယ်။ ဒီပင်နယ်တီကို ဟယ်ရီကိန်း ကိုယ်တိုင်ကန်သွင်းပြီး အင်္ဂလန်အတွက် ချေပဂိုး ရယူခဲ့ပါတယ်။

ယင်းနောက် နှစ်သင်းလုံး ဂိုးကန်သွင်းခွင့်ရခဲ့ကြပေမယ့် ဂိုးဘားတန်းထိ၊ တိုင်ထိပြီး ဂိုးကံခေခဲ့ကာ ပထမပိုင်းကို ၁-၁ ဂိုး သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ထိုးဖောက်တိုက်စစ်ဆင်မှုတွေလုပ်ခဲ့ကြပြီး နယ်သာလန်ရဲ့ ဂိုးကန်သွင်းချက်တွေကို အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ မှာတော့ လူစားဝင် ကစားသမား ဝက်ကင်စ်က အင်္ဂလန်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူကာ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ဒါကြောင့် အင်္ဂလန်တို့ဟာ ယူရို ၂၀၂၀ နဲ့ ၂၀၂၄ နှစ်ကြိမ်ဆက်တိုက် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ ခြေစွမ်းထက်နေတဲ့ စပိန်အသင်းနဲ့ တွေ့ဆုံသွားရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here