ကျိုင်းတုံမြို့နယ်တွင် ၁၂ ဘီး ယာဉ်ဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၄ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀၃ ကီလို ဖမ်းဆီးရမိ

0
115

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၁၂ ဘီးယာဉ်ပေါ် ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၄ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀၃ ကီလို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇူလိုင် (၈) ရက် ညနေ (၆) နာရီခွဲအချိန် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်း – ကျိုင်းတုံသွားကားလမ်း၊ ကျိုင်းဖောင်းရွာအနီးတွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ စိုင်းလင်းဦး မောင်းနှင်လာသည့် NISSAN ၁၂ ဘီးယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ယာဉ်ပေါ်တွင် ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဒေသကာလတန်ဖိုးငွေ ကျပ် ၄ ဒသမ ၈၂၄ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

၎င်းကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မိုင်းပျဉ်းမြို့မှ တာချီလိတ်မြို့ သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းအား ဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here