ဘဏ်အစုံကပုဂ္ဂိုလ်များနှင့် နစက အတွင်းရေးမှူးတွေ့ဆုံ

0
153

ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲငွေကြေး အမြောက်အမြား ထုတ်ယူခြင်း၊ ကောလာဟလသတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများ မပြုလုပ်ကြရန် နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကပြောကြားလိုက်သည်။

ယမန်နေ့ ဇူလိုင်လ (၁၀) ရက်က နေပြည်တော်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အရေးပါသော ငွေရေးကြေးရေးကဏ္ဍအတွင်း ကြီးမားသော တာဝန်များ ထမ်းဆောင်နေကြသည့် ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတော်၏ ငွေကြေးစနစ်တည်ငြိမ်မှုရှိပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြန်အလှန်နားလည်မှုများ အပြည့်အဝရရှိစေရန်ရည်ရွယ်၍ ဖိတ်ခေါ်တွေ့ဆုံခြင်းဖြစ်ကြောင်း နစက အတွင်းရေးမှူးက ဆိုသည်။

ဘဏ်များသည် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာမှုထိန်းသိမ်းရေးကို တစ်ပါတည်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ယင်းအခြေအနေကို ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ်နှင့် ဘဏ်များပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ဆိုသည်။

ထို့ပြင် ဘဏ်များ၏ လိုအပ်ချက်ကို နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်များကလည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့် ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုပြုခြင်းများကြောင့် အများပြည်သူ၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ပေးရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အလားတူတည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါက သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် ဗဟိုဘဏ်နှင့် ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်သော်လည်း သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှုများသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ထိပါးလာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင် ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲငွေကြေးအမြောက်အမြား ထုတ်ယူခြင်း၊ ကောလာဟလသတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများမပြုလုပ်ကြရန်လည်း လိုအပ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအင်အားနည်းပါးလာခြင်းအပေါ် ဘဏ်များ၏ ဝန်ဆောင်မှုလုပ်ငန်းများ လစ်ဟာမှုမရှိစေရန် အကြိမ်ကြိမ်ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်စေလိုကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားသည်။

ယင်းအပြင် ဘဏ်လုပ်ငန်းရှင်အများစုသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်းဖြစ်သဖြင့် ကန်ထရိုက်လယ်ယာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် လုပ်ငန်းစုများ အသင်းစုများအဖြစ်တိုးချဲ့၍ ပူးပေါင်းရင်းနှီးမြှုပ်နှံဆောင်ရွက်သင့်ကြောင်း ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက် ပြည်တွင်း၌ စက်ရုံ/အလုပ်ရုံများ တည်ဆောက်၍ Value Add ထုတ်ကုန်များ ထုတ်လုပ်သင့်ကြောင်းကိုလည်း နစက အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here