တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲ နှင့် လားရှိုးတွင် စက်သုံးဆီအခက်အခဲဖြစ်ပွားနေ

0
334
  • ဓာတ်ဆီတစ်လီတာကို ၁၂,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်ဝန်းကျင်အထိရှိလာဟုဆို

တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲနှင့် လားရှိူးမြို့တို့တွင် စက်သုံးဆီဝယ်ယူရန် အခက်အခဲများဖြစ်ပေါ်နေပြီး ဓာတ်ဆီတစ်လီတာလျှင် ၁၂,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ် ဝန်းကျင်အထိပေးဝယ်နေရကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် စက်သုံးဆီဆိုင်ကြီးများ ပိတ်ထားပြီး မြို့တွင်းလမ်းဘေးတလျှောက်တွင် တစ်လီတာရေသန့်ဘူးများဖြင့်ထည့်ကာ တစ်ဘူးလျှင် ၈,၀၀၀ကျပ်မှ ၁၀,၀၀၀ကျပ်ကျော်အထိရောင်းချနေသူများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

အလားတူ လားရှိုးမြို့တွင်လည်း တိုက်ပွဲများမဖြစ်ပွားခင် ဓာတ်ဆီ တစ်လီတာလျှင် ၃,၅၀၀ ကျပ်သာရှိခဲ့ရာမှ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၂၀,၀၀၀ ဝန်ကျင်အထိ မြင့်တက်လာကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဈေးဖြင့်ပင် ဝယ်ယူရန်အခက်အခဲရှိနေကြကြောင်း သိရသည်။

ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် သယ်ယူပို့ဆောင်ရေးလမ်းပိုင်းများ အခက်အခဲကြုံနေရသဖြင့် ယင်းဒေသများအတွင်း စက်သုံးဆီပြတ်တောက်မှုများရှိနေသကဲ့သို့ ရှိရင်စွဲ စက်သုံးဆီများအား ဈေးမြှင့်တင်ရောင်းချနေမှုများ ရှိနေသည်ဟု နောက်ထပ် ဒေသခံတစ်ဦးကဖြည့်စွက်ဆိုသည်။

“ကျသလောက်ဝယ်မယ်ဆိုရင်တောင် လိုသလောက်မရဘူး။ တိုက်ပွဲစဖြစ်ပြီးနောက်ရက်ပိုင်းကဆိုရင် ဆီဆိုင်မှာ လူကတန်းစီတာ ရာနဲ့ချီရှိတယ်။ အခုတော့ ဆိုင်တွေကို ပိတ်လို့မပြောပေးမယ့် အချို့ဆိုင်တွေလည်းတိုက်ပွဲကြောင့်ပိတ်ထားတာမျိုးရော၊ ဆီကုန်သွားလို့ ပိတ်ထားတာမျိုးတွေရှိတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျောက်မဲဒေသခံအချို့ စစ်ရှောင်နေရာမှ မြို့တွင်းသို့ ပြန်လည်ဝင်ရောင်လာသူအချို့ ရှိနေသော်လည်း လားရှိုးမြို့ဒေသခံများ ယနေ့အချိန်အထိ စစ်ရှောင်နေကြသည်များရှိကြောင်း သိရသည်။

ဓာတ်ပုံ – ယခုလ ဇူလိုင်(၇)ရက်က ကျောက်မဲမြို့အတွင်း စက်သုံးဆီဝယ်ယူနေမှု မြင်ကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here