ကရင်ပြည်နယ်အတွင်း အခွန်ကောက်ခံမှုနှုန်းထားကို တိုးမြှင့်ခွင့်မပြုဘဲ အခွန်ကောက်ခံသည့် နယ်ပယ်ကိုသာ တိုးချဲ့သွားမည်ဟု ပြည်နယ် ဝန်ကြီးချုပ် ပြောကြား

0
290

ကရင်ပြည်နယ်အတွင်း ကောက်ခံရရှိသော အခွန်ငွေအရပ်ရပ်ဖြင့် ဒေသဖွံဖြိုးရေးများကို ဆောင်ရွက်နေရသော်လည်း အခွန်ကောက်ခံမှုနှုန်းထားကို တိုးမြှင့် ကောက်ခံခွင့်မပြုဘဲ အခွန်ကောက်ခံသည့် နယ်ပယ်ကိုသာ တိုးချဲ့သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ လုပ်ငန်းညှိနှိင်း အစည်းအဝေးကို ယမန်နေ့ ဇူလိုင် (၁၁)ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အတွင်း ကောက်ခံရရှိသော အခွန်ငွေအရပ်ရပ်ဖြင့် ဒေသဖွံ့ဖြိုးရေးကိစ္စ အဝဝကို ဆောင်ရွက်ရသည့်အတွက် အခွန်ရရှိမှုအပေါ် မူတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် အခွန်ကောက်ခံမှုနှုန်းထားကို တိုးမြှင့်ခွင့်မပြုဘဲ အခွန်ကောက်ခံသည့် နယ်ပယ်ကိုသာ တိုးချဲ့သွားမည်ဖြစ်ကြောင်း ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောသည်။

ထို့ပြင် ပေးဆောင်နေရသော အခွန်သည် နိုင်ငံတော်နှင့် ပြည်သူများအတွက်သာဖြစ်သည်ကို အများပြည်သူ နားလည်သဘောပေါက်ရန်လိုကြောင်း၊ အခွန်ရှောင်သူများကို အဓိက စိစစ်ဖော်ထုတ်သွားရမည်ဖြစ်ပြီး အခွန်တိုးတက်ရရှိရန် နယ်ပယ်တိုးချဲ့ကောက်ခံခြင်းသာမက အခွန်ထမ်းပြည်သူများပြားလာစေရေး ဆွဲဆောင်စည်းရုံးသွားရန်လိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အခွန်ပုန်း/အခွန်ရှောင်များ ဖော်ထုတ်ကောက်ခံရရှိရေး၊ အခွန်တိုးပွားရရှိရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တွဲဖက်အတွင်းရေးမှူး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မြတ်မင်းက မြန်မာနိုင်ငံ၏ အခွန်စနစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အခွန်အရပ်ရပ်ကောက်ခံရရှိမှု၊ ပြည်နယ်အတွင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်မှုများအပေါ် အရေးယူဆောင်ရွက်ထားရှိမှု၊ အခွန်ကောက်ခံရရှိမှုနှင့် ဆုကြေးငွေထုတ်ပေးမှု၊ ပြည်နယ်အစိုးရအဖွဲ့သို့ အခွန်ဝေစုပေးချေခြင်း၊ အခွန်ပညာပေး ရှင်းလင်းပွဲများ ဆောင်ရွက်မှု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင် ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဝင်များက မြေပြင် ကြုံတွေ့နေရသည့်အခွန်ဆိုင်ရာ ကိစ္စရပ်များ၊ လူတိုင်းအခွန်ဆောင်ရမည့် အသိစိတ်ရှိစေရန် မြေပြင်အောက်ခြေထိ ကွင်းဆင်း၍ အလုပ်ရုံဆွေးနွေးပွဲ၊ ရှင်းလင်းပွဲ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များနှင့် အခွန်တိုးတက်ကောက်ခံရရှိနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေ၊ အခွန်ပညာပေးရှင်းလင်းပွဲများဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here