တစ်ပွဲရှုံး တစ်ပွဲသရေ ရလဒ်အပေါ် နောက်ပိုင်းတွင် ယှဥ်ပြိုင်ခွင့်ရလိုသေးကြောင်း အိန္ဒိယအမျိုးသမီးနည်းပြချုပ် ပြော

0
109

ယခု ဇူလိုင်(၉)ရက်နှင့် (၁၂)ရက်နေ့တို့တွင် အိန္ဒိယ -မြန်မာ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲစဥ် ယှဉ်ပြိုင်မှုအပြီး တစ်ပွဲရှုံး တစ်ပွဲသရေ ရလဒ်ရရှိခဲ့ရာ နောက်ပိုင်းတွင် ယှဥ်ပြိုင်ခွင့်ရလိုသေးကြောင်း အိန္ဒိယအမျိုးသမီးနည်းပြချုပ်
လန်ဂန်ချော်ဘာဒေဝီ က ပြောကြားခဲ့သည်။

ယမန်နေ့က နှစ်ကျော့မြောက်ခြေစမ်းပွဲစဉ် ယှဉ်ပြိုင်မှုအပြီး ပထမအကျော့တွင် မြန်မာအသင်းက(၂)ဂိုး(၁)ဂိုးဖြင့်အနိုင်ရရှိကာ ဒုတိယအကျော့တွင် သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကျော့ ပွဲစဉ်အပြီး အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် လန်ဂန်ချော်ဘာဒေဝီ က ” ပထမဆုံး အနေနဲ့ ကိုယ့်ထက် ကမ္ဘာ့အဆင့်မြင့်တဲ့ မြန်မာအသင်းက ကျွန်မတို့ကို အခုလိုဖိတ်ကြားပြီး ခြေစမ်းပွဲ နှစ်ပွဲကစားပေးလို့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ပထမပွဲမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာအသင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကိုကြည့်ပြီး ကျွန်မတို့ သေချာပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ ကျွန်မတို့ အကောင်းဆုံး ကစားနိုင်ခဲ့တာပါ။ အထူးသဖြင့် ပွဲချိန်ပထမပိုင်းကို ကျွန်မတို့ စိုးမိုးထားနိုင်ခဲ့ပါတယ်။ ကျွန်မတို့ နှစ်သင်းစလုံးက တိုးတက်လာတဲ့ အသင်းတွေဖြစ်ပြီးတော့ နောက်လည်း အခုလို တွေ့ဆုံခွင့်ရပြီး အကောင်းဆုံး ကစားချင်ပါသေးတယ်။”ဟု ဆိုသည်။

ယမန်နေ့ ဒုတိယအကျော့ပွဲ့စဉ်တွင် မြန်မာအသင်းအနေဖြင့် ရာသီဥတု အခြေအနေကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒုတိယပိုင်းပွဲချိန်အပြီး မှာကြားထားသည့်အတိုင်း ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အခွင့်အရေးကောင်းများရရှိခဲ့ကြောင်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယူကီတက်ဆူရို ကပြောကြားထားသည်။

” ပွဲပြီးကာနီးမှာ ဂိုးသွင်းခွင့်တွေ အများကြီး ရခဲ့ပါတယ်။တစ်ဂိုးစီ သရေကျခဲ့တာက အကောင်းဆုံး ရလဒ်မဟုတ်ခဲ့ပေမဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာတော့ ကျေနပ်မိပါတယ်။”ဟု ၎င်းက ပြောကြားသည်။

ယမန်နေ့ ကစားခဲ့သည့်ပွဲစဉ်၌ ပထမပိုင်းတွင် ဂိုးမရရှိကြဘဲ၊ ဒုတိယပိုင်း ပွဲချိန်တွင် ဝင်းသိင်္ဂီထွန်းက (၁)ဂိုး၊ အိန္ဒိယအသင်းဘက်မှ Pyari XaXa က(၁)ဂိုး ရှေ့ဆင့်နောက်ဆင့်အသီးသီး သွင်းယူခဲ့ကြခြင်းလည်းဖြစ်သည်။

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲများအပြင် ပြည်ပနိုင်ငံများသို့လည်း လေ့ကျင့်‌ရေး ခြေစမ်းခရီးစဉ်များသွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ပုံစာ-အိန္ဒိယ -မြန်မာ ဒုတိယအကျော့ ယှဉ်ပြိုင်နေကြသည့် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here