(၆) လအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ၀.၆ သန်း ဝင်ရောက်ခဲ့ဟုဆို

0
106

၂၀၂၄ ခုနှစ် ဇွန်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် ၀.၆ သန်း ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၆၀) ကြိမ်မြောက် အာဆီယံခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဖွင့်ပွဲအခမ်း အနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများရှိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်အဆင့် ကိုယ်စားလှယ်များ ဦးဆောင်ပါဝင်သော အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တစ်နှစ်လျှင် (၂)ကြိမ် အလှည့်ကျ ကျင်းပပြုလုပ်လျက် ရှိသည်။

ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်အတွက် (၆၀)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၄၅)ကြိမ်မြောက် အာဆီယံ + တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၃၂) ကြိမ်မြောက် အာဆီယံ + အိန္ဒိယ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး တို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်မှ (၁၁) ရက်အထိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Video Conferencing စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကိုဗစ် အလွန် ကာလခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာရေးနှင့် အာဆီယံဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့် မိတ်ဖက်အဖွဲ့အစည်းများ ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများ၏ ပံ့ပိုးကူညီမှု၊ အပြန်အလှန်ပူး ပေါင်းဖလှယ်မှုနှင့် ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများတွင် ဆောင်ရွက်ခဲ့မှုများကိုလည်း အသိအမှတ်ပြုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအချက်အလက်များအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁.၂၈ သန်း လာရောက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆခွဲ တိုးတက်ဝင်ရောက်ခဲ့ပြီး ခရီးသွားဧည့်သည် ဝင်ရောက်မှုအများဆုံးနိုင်ငံများအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဇွန်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် ၀.၆ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်း တိုးတက်ရောက်ရှိခဲ့ကာ အဓိကအားဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားဧည့်သည် ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း ၂၀၁၆ – ၂၀၂၅ နှင့်ဆက်စပ် ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအရ အာဆီယံဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည် တံ့သည့် ခရီးသွားလုပ်ငန်းနှင့် ပူးပေါင်းဈေးကွက်မြှင့်တင်ခြင်းများကို တိုးမြှင့်ဆောင်ရွက်စေလိုကြောင်းလည်း ၎င်းကဆိုသည်။

၂၀၂၅ အလွန် အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာရေးဆွဲရေး စီမံကိန်းကို အာရှ ဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင်ရေးဆွဲဆောင်ရွက်နေခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here