မြဝတီလမ်းပိုင်း သွားလာမှု အခက်အခဲများကြောင့် ယာဉ်ငယ်ခရီးစဉ်များ ယာယီရပ်နားနေရ

0
131

ထိုင်း-မြန်မာနယ်စပ် မြဝတီသို့ သွားသည့် လမ်းပိုင်းအခြေအနေမှာ ဆိုးရွားစွာပျက်ဆီးနေသဖြင့် ယာဉ်ငယ်ခရီးစဉ်များအပါအဝင် အချို့သော ကုန်တင်ယာဉ်များပါ ယာယီရပ်နားထားကြသည်ဟု မြဝတီမြို့ဒေသခံတစ်ဦးက ပြောသည်။

“အားလုံးကိုတော့ မဆိုလိုဘူး။ အချို့ ကားအခြေအနေနဲ့ ဆီစရိတ်ကိုက်ရင်သွားတဲ့ ကားကတော့ သွားနေကြတာပေါ့။ အများစုကတော့ တစ်ခေါက်သွားပြီးရင် ပြန်ပြင်စရိတ်နဲ့ မကိုက်တော့ မသွားကြတော့ဘူး၊ လမ်းပိုင်းဒီလောက်ဆိုးတာဗျာ၊ ကားတင်မဟုတ်ဘူး ယာဉ်မောင်းနဲ့စပယ်ယာဆိုတာ တစ်ခေါက်သွားတစ်ခေါက် ဆေးပါသွင်းယူရတဲ့အခြေအနေလေ”ဟု ရှင်းပြသည်။

ယခင် ကော့ကရိတ်မြို့အတွင်းမှ ပြန်လည် ဖြတ်သန်းသွားလာခွင့်ပေးခဲ့သော်လည်း လက်ရှိတွင် မြို့ဖြတ်သန်းခွင့်မပြုတော့သဖြင့် အောက်ဗိုလ်တဲ-ထီးဖိုးစံလမ်းမှသာ သွားလာခွင့်ပြုသဖြင့် ရပ်နားမှုများရှိလာခြင်းလည်းဖြစ်သည်။

လက်ရှိတွင် လမ်းပိုင်းအားလုံးပိတ်ထားခြင်းမရှိသော်လည်း ဆိုးဆိုးရွားရွားပျက်ဆီးနေခြင်းကြောင့် သွားလာချင်သည့် ယာဉ်ရှားလာကြောင်း နောက်ထပ် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

မြဝတီ-ကျော်ခို့-ထို့ကော်ကိုးလမ်း လမ်းအပါအဝင် နယ်ခြားစောင့်တပ်က ဖောက်လုပ်ပေးထားသည့် ၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းတို့မှာ လက်ရှိတွင် 4wheel ပါသည့်ယာဉ်များပင်လျှင် ချိန်းကြိုးပတ်ကား မောင်းနှင်နေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး၊ ယမန်နှစ်အတွင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် အာရှလမ်းမကြီးအား ပိတ်ထားသည်မှာ ယနေ့အချိန်အထိပင်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here