(၄)ရက်ကြာ အပစ်ရပ်မည်ဟု ကိုးကန့်တပ်က ကြေညာထားသော်လည်း လားရှိုးမြို့ခံများ ဆက်ထွက်ခွာနေ

0
125

ဇူလိုင် (၁၄) ရက် ညပိုင်းမှ စတင်ကာ လာရှိုးမြို့အနီးတဝိုက်၌ (၄)ရက် အပစ်ရပ်မည်ဟု ကိုးကန့်တပ်က ကြေညာထားသော်လည်း လားရှိုးမြို့ခံများမှာ မြို့ကို စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်ရန် ဆက်လက်ထွက်ခွာနေကြောင်း သိရသည်။

ယနေ့ ဇူလိုင် (၁၅) ရက် နံနက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ အနည်းငယ်ငြိမ်သက်နေသော်လည်း မြို့ခံများသည် မြို့မှဆက်လက်ထွက်ခွာနိုင်ရန်ကြိုးစားနေကြသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ညကအထိ လက်နက်ကြီးသံရော အသေးသံရော မြို့ပတ် ပတ်လည်မှာ စုံနေအောင်ကြားရတာ၊ ဒီမနက်နည်းနည်းငြိမ်တယ်၊ ငြိမ်တဲ့အချိန် ထွက်ချင်တဲ့လူတွေကလည်း ထွက်ဖို့လုပ်နေကြတယ်” ဟု လားရှိုးမြို့တွင် ကျန်ရှိနေသူ အမျိုး သမီးတစ်ဦးက ပေါ်ပြူလာနယူးသို့ ပြောသည်။

ကိုးကန့်တပ် MNDAA က တရုတ်၏စိုးရိမ်ချက်နှင့် တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့တဝိုက် ထိုးစစ်ကို (၄ )ရက်တာရပ်နားမည်ဟုယမန်နေ့ ဇူလိုင် (၁၄)ရက်က ကြေညာထားခြင်း ဖြစ်သည်။

လက်ရှိတွင်မူ လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်ရန် ခက်ခဲနေဆဲ ဖြစ်ကာ ယနေ့မနက်ပိုင်းတွင် အော်ရီဒူး( Ooredoo) လိုင်းအသုံးပြုလို့ရနေသေးကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

လားရှိုးမြို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ ‌ေ-သဆုံးဒဏ်ရာရရှိမှုများရှိနေပြီး အိုးအိမ်များစွာလည်း ထိခိုက်ပျက်စီးမှုများ ရှိနေသည်။

ထိုနည်းတူ တိုက်ပွဲများကြောင့် မြို့ခံထက်ဝက်ကျော် ခန့်သည်လည်း မြို့ကို စွန့်ခွာ၍ စစ်ဘေးရှောင်နေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here