ရွှေဆံပင်ဆရာတော်နှင့် အလှုရှင်များကပူတာအိုမြို့ဝန်းကျင်ရှိ ပြည်သူများသို့ စားစရာနှင့် ငွေကြေးများလှူဒါန်း

0
101

ကချင်ပြည်နယ်၊ပူတာအိုမြို့နှင့် အနီးဝန်းကျင်ရှိအများပြည်သူသို့ ရွှေဆံပင်ဆရာတော် ဦးဆောင်ကာအလှုရှင်များက ဆန်၊ ဆား၊ လက်ဖက်နှပ်နှင့် ငွေကြေးများလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းအစီအစဉ်ကို ဇူလိုင်လ (၁၁)ရက်၊ (၁၂) ရက်နှင့် (၁၃)ရက်တို့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ယူလည်းယူပါ။ ပေးလည်းပေးပါ။ ကပ်ဆိုက်တယ်ဆိုတာ လောဘကြီးရင် အငတ်ဘေး ဒုဗ္ဘိက္ခန္တရကပ် ဆိုက်တတ်တယ်။ ဒါကြောင့် လောဘတွေလျှော့ပြီး စွမ်းနိုင်သလောက်စွန့်ကြဲပေးပါ။ ဒေါသတွေကြီးပြီး မကျေနပ်တာတွေများရင် လက်နက်ဘေး သတ္ထန္တရကပ် ဆိုက်တတ်တယ်။ ဒါကြောင့်ဒေါသတွေလျှော့ပြီး မေတ္တာထားကြပါ။ မသိခြင်း၊ တွေဝေခြင်း၊ မောဟကြီးရင် ရောဂါများပြီး ရောဂန္တရကပ်ဆိုက်တတ်တယ်။ ဒါကြောင့် မသိခြင်းမဖြစ်အောင် အသိပညာဦးစီးပါ၊တရားနာပါ၊ စာဖတ်ပါ။ကပ်ကြီးသုံးပါမကျရောက်အောင်လောဘ၊ ဒေါသ၊ မောဟ တွေလျှော့ကြပြီးစွမ်းနိုင်သ‌လောက်စွန့်လှူပါ။မေတ္တာပွားပါ။ပညာတိုးအောင်ကြိုးစားပါ။”ဟု ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက မိန့်ကြားသည်။

ပူတာအိုမြို့တွင် ဇူလိုင်လ (၁၁) ရက် ညနေပိုင်းက ထေရဝါဒသာသနာပြုဩဝါဒါစရိယ ကျားကူးကျောင်းဆရာတော်နှင့် ရွှေဆံပင်ဆရာတော်တို့က ညနေဆည်းဆာတရားပွဲကျင်းပကာ ဆန်၊ဆားနှင့် လက်ဖက်နှပ်များ ဝေငှခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်ရှိ လူမျိုးမရွေးဘာသာမရွေးလိုအပ်သူများကို ဇူလိုင်လ (၁၂)ရက်က ပေးလှုခဲ့ရာ လီဆူး၊ ရဝမ် ခရစ်ယန်ဘာသာဝင်များလည်းပလိုင်းကိုယ်စီဖြင့် လာရောက်ကြပြီး “ဂုဏ်ပွင့်နိုင်” စက်သုံးဆီမိသားစုမှ ကြာဆံဟင်း စတုဒိသာကျွေးခဲ့ကြကြောင်း သိရသည်။

ပူတာအို ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေကြသော ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ ရှိန်းခေါင်၊ နောင်မွန်း တို့မှ လူနာ (၄၀) ကို ဇူလိုင်လ (၁၃) ရက်၊ နံနက်ပိုင်းက ဆန်နှစ်ပြည်၊ လက်ဖက်နှပ်၊ ငပိထောင်းဗူးနှင့် ပိုက်ဆံကျပ်တစ်သောင်းစီပေးလှူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဟိုခိုပရဟိတကျောင်းမှ ဟင်းချက်စရာအရွက်ရှာရင်း အက်ဆီးဒင့်ဖြစ်၍ ဆေးရုံတက်ကုသနေသော ကျောင်းသားလူငယ် (၅)ယောက်ကို ရွှေဆံပင်ဆရာတော်နှင့်အလှုရှင်များက တစ်ယောက်လျင် ကျပ်တစ်သိန်းစီ လှူပေးခဲ့ပြီးနေ့လည်ပိုင်းတွင် ကောင်းမှုလုံဘုရားဝန်းကျင် ကျေးရွာများရှိ ရှမ်း၊ တိဗက်၊ လီဆူး၊ ရဝမ်နှင့် ဗမာလူမျိုးဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဝင် ၅၀၀ ကျော်တို့အား ဆန်လေးပြည်စီ၊ ဆား ၊ လက်ဖက်၊ ငပိဗူးများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နှင့် အနီးဝန်းကျင်ရှိ အများပြည်သူသို့ ရွှေဆံပင်ဆရာတော်နှင့် အလှုရှင်များလှုဒါန်းရာတွင် ဇူလိုင်လ (၁၁) ရက်က လူဦးရေ (၅၀၀)၊ ဇူလိုင်လ (၁၂)ရက်က လူဦးရေ (၂၀၀၀) ခန့်နှင့် ဇူလိုင်လ (၁၃)ရက်က လူဦးရေ (၅၀၀) ကျော် ကို မျှဝေလှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here