မြောက်ကိုရီးယား အကြီးတန်း သံတမန်တစ်ဦး တောင်ကိုရီးယားထံ ဘက်ပြောင်းခိုလှုံခဲ့ဟု ဆို

0
214

ကျူးဘားနိုင်ငံမှာ တာဝန်ကျတဲ့ မြောက်ကိုရီးယား အကြီးတန်း သံတမန်တစ်ဦးဟာ နိုဝင်ဘာလအတွင်းက တောင်ကိုရီးယားထံကို ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ တောင်ကိုရီးယားသတင်းစာတစ်စောင်က ထုတ်ဖော်ရေးသားပါတယ်။

ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း တောင်ဘက်ကို ထွက်ပြေးလာတဲ့အထဲမှာ အဆင့်မြင့်ဆုံး မြောက်ကိုရီးယားသံတမန်ဖြစ်တယ်လို့ သိရပါတယ်။

တောင်ပိုင်းကို ထွက်ပြေးမလာစဉ်က ရီအီလ်ကျူ( ၅၂ နှစ်) ဟာ ကျူးဘားရှိ မြောက်ကိုရီးယားသံရုံးမှာ နိုင်ငံရေးဆိုင်ရာအတွက် တာဝန်ယူရသူဖြစ်တယ်လို့ ချိုဆန်အီဘိုသတင်းစာက ရီနဲ့ အင်တာဗျူးကို ကိုးကားပြီး အဂ်ါနေ့(ဇူလိုင် ၁၆) မှာ ဖော်ပြပါတယ်။

ကိုရီးယားနှစ်နိုင်ငံရေးရာတွေကို ကိုင်တွယ်တဲ့ တောင်ပိုင်းရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအကြောင်းကိစ္စဖြစ်တယ်ဆိုကာ အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

အာဏာပိုင်တွေအနေနဲ့ ဘက်ပြောင်းလာသူတွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းစွာ သိရဖို့နဲ့ တောင်ကိုရီးယားလူ့အဖွဲ့အစည်းနဲ့စနစ်တွေအကြောင်း ပညာပေးသင်ကြားမှုတွေလုပ်ဆောင်ရတာကြောင့် မြောက်ကိုရီးယား ဘက်ပြောင်းသူတွေရဲ့ အသေးစိတ်အချက်အလက်တွေ သတင်းထုတ်ပြန်ဖို့ရာ လအတန်ကြာလေ့ရှိကြောင်း သိရပါတယ်။

ရီဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကို ၁၉၉၉ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ကျူးဘားကနေ လက်နက်တွေတင်ဆောင်လာတဲ့ မြောက်ကိုရီးယားသင်္ဘောတစ်စင်းကို ပနားမားက ထိန်းသိမ်းခဲ့ရာမှာ ယင်း သင်္ဘော ပြန်လွှတ်မြောက်ရေး အောင်မြင်စွာ စေ့စပ်ညှိနှိုင်းမှုလုပ်နိုင်ခဲ့တာကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ချီးကျူးမှုရခဲ့ဖူးသူဖြစ်တယ်လို့ ချိုဆန်က ရေးသားပါတယ်။

အစိုးရအပေါ် သဘောထားကွဲလွဲလာတာတွေနဲ့ သူ့အလုပ် တာဝန်အပေါ် မမျှတတဲ့ အကဲဖြတ်မှုတွေကြောင့် ဘက်ပြောင်းဖို့ သူ ဆုံးဖြတ်ခဲ့တယ်လို့ ရီက သတင်းစာကို ပြောကြားခဲ့ပါတယ်။

Ref: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here