ကျောက်မဲမြို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၊ အထက်တန်းပြ ဆရာမတစ်ဦး လက်နက်ကြီးကျည် ထိမှန်အသက်ဆုံးရှုံး

0
200

ကျောက်မဲမြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အထက်တန်းပြ
ကျောင်းဆရာမတစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ကျောက်မဲစစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ယမန်နေ့ ဇူလိုင် (၁၅)ရက်က ကျောက်မဲ အထက(၁)ကျောင်းအနီးလက်နက်ကြီးကျည်ကျရောက်ကာ အထက်တန်းပြ ကျောင်းဆရာမတစ်ဦး အသက်ဆူံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျောက်မဲမြို့တိုက်ပွဲအခြေ အနေမှာ မြို့အနီးပတ်ဝန်းကျင်တွင်တိုက်ပွဲများပြင်းထန်နေပြီး၊ တပ်မတော် တပ်ရင်းနှစ်ခုဖြစ်သည့် ခလရ (၅၀၁)နှင့် (၅၀၂) ကို TNLA ဘက်မှ ယနေ့အထိ သိမ်းပိုက်နိုင်ရယူခြင်းမရှိသေးကြာင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့အတွင်း အကြောင်းအမျိုးမျိုးကြောင့် နေကျန်ခဲ့ကြသည့် ဒေသခံအချို့ အလုပ်အကိုင်မရှိခြင်းကြောင့် စားသောက်ရေးအခက်အခဲဖြစ်နေကာ အကူအညီများလိုအပ်နေသည်ဟု သိရသည်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းများ ကျောက်မဲမြို့အနီးသို့ တဖြည်းဖြည်းစစ်ကြောင်းထိုးလာသည်ဟု သိရပြီး၊ လက်ရှိ အခြေအနေအရ တပ်မတော်ဘက်မှ မြို့ကိုပြန်လည်ခြေကုပ်ယူနိုင်ဖွယ် (၇၀)ရာခိုင်နှုန်း ရှိနေကြောင်းလည်း ၎င်းက ဖြည့်စွက်သုံးသပ်သည်။

“မြို့ထဲမှာ TNLA ဘက်က လူတွေသိပ်မတွေ့တော့ဘူး။ အနည်းစုလောက်ဘဲတွေ့တော့တယ်။ တပ်က ဒီဘက်အထိ စစ်ကြောင်းထိုးနိုင်ပြီဆိုရင်တော့ ဒီတစ်ရက် နှစ်ရက်အတွင်း အခြေအနေသိသိသာသာ ဖြစ်လာမယ်ထင်တယ်။ “ဟု သူ၏ အမြင်ကို သုံးသပ်ပြောသည်။

အလားတူ ယမန်နေ့က ခိုမုန်းကျေးရွာ ဒေသခံပြည်သူနေအိမ်တစ်အိမ်ပေါ်တွင်လည်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး မိသားစုဝင်(၃)ဦး အသက်ဆုံးရှုံးခဲ့သေးသည်။

ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့ မနက်ပိုင်းတွင် ဆက်တိုက်ပစ်ခတ်သံများကြားနေရပြီး ညနေပိုင်းတစ်ချိန်တွင် ခေတ္တမျှသာငြိမ်သက်ကာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here