တာချီလိတ်မြို့နယ်တွင် အမျိုးသား (၂)ဦးထံမှ ငွေကျပ်သိန်း (၂၇၅၀) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

0
399

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အမျိုးသား (၂)ဦးမှ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂၇၅၀) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့နယ်၊ ပန်ဟတ်ကျေးရွာအနီးတွင် ဇူလိုင် (၁၅) ရက်၊ ညနေ (၄)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အိုက်အဲန်ကျောက် မောင်းနှင်ပြီး အိုက်ခမ်းကွမ် လိုက်ပါလာသည့် MITSU BISHI OUTLANDER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၅ ကီလို ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း (၂၇၅၀) နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ အိုက်အဲန်ကျောက်(၂၇)နှစ်နှင့် အိုက်ခမ်းကွမ် (၂၀)နှစ်တို့အား ဟောင်လိတ်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် (၉) ရက်ကလည်း တာချီလိတ်မြို့နယ်တွင် အမျိုးသား (၃)ဦးထံမှ ငွေကျပ် (၁) ဒသမ(၅) ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး (၃ဝဝ) တုံး၊ အလေးချိန် (၁ဝ၅) ကီလို ဖမ်းဆီးရမိခဲ့သေးကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here