ကုလလူ့အခွင့်အရေး ကောင်စီအနေဖြင့် ဘက်မလိုက်အခြေခံမူကို လိုက်နာရန် မြန်မာတောင်းဆို

0
254

ဇူလိုင် (၁၅) ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက UN လူ့အခွင့်အရေးကောင်စီအား ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် တောင်းဆိုကြောင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက တောင်းဆိုသည့်အချက် အလက်များကို ပေးခဲ့သော်လည်း ကုလ၏ အစီရင်ခံစာနှင့် ထုတ်ပြန်ချက်များတွင် တစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြောကြားချက်များကိုသာ အလေးပေးဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံတင်ပြချက်များသည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းမှ ဖယ်ကြဉ်ရန် သိသာစွာ ဦးတည်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နစက အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင်နေကာ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။

ထို့ကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေဖြင့်အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘက်မလိုက်ရေး အခြေခံမူများကို ကျင့်သုံးရန်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးတို့အတွက် စစ်မှန်သည့် ကြိုးပမ်းမှုများကို ဟန့်တားခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံက တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here