ထို့ကော်ကိုးလမ်းပိုင်း (၃)ရက်ကြာ ယာယီ ဖြတ်သန်းသွားလာခွင့်ပိတ်

0
93

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ သွားလာသည့် ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းအား မနက်ဖြန် ဇူလိုင် (၁၈)ရက်နေ့မှ ဇူလိုင် (၂၀)ရက်နေ့အထိ (၃)ရက်ကြာ ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းမှာမိုးရွာသွန်းမှုများကြောင့် လမ်းများပျက်စီးယိုယွင်းနေသဖြင့် ဒေသတွင်းခရီးသွားယာဉ်များ အခက်အခဲကြုံနေရသည့်အပေါ် လမ်းပိုင်းပြင်ဆင်ရန် ယာယီပိတ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် KNU/KNLA-PC က လမ်းပိုင်းအား ပြင်ဆင်ရန်‌စတင်ဆောင်ရွက်နေသည်ကိုတွေ့ရပြီး၊ ပြင်ဆင်နေသည့်ကာလအတွင်းမည့်သည့်ယာဉ်မှ သွားလာခွင့်မပြုထားကြောင်း ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“သူတို့တွေ လမ်းပြင်ဖို့တော့ ပြင်ဆင်နေတာတွေ့တယ်။ ကျွန်တော်ကတော့တက်လက်စ ကားဖြစ်နေတော့ ဒီလိုဘဲမောင်းချလာရတာပေါ့။ လမ်းပိုင်းက ဘယ်လိုလုပ်မယ်တော့မသိဘူး။ တော်တော်ပျက်စီးနေတာ။ သုံးရက်နဲ့တောင်အဆင်ပြေပါ့မလား”ဟု ၎င်းက ပြောသည်။

လမ်းဖြတ်သန်းခွင့် ယာယီမပိတ်ခင်ကတည်းက အဆိုပါလမ်းပိုင်းအတွင်း ယာဉ်သွားမှုများနည်းပါးနေပြီး၊ အချို့သောဒေသတွင်း ခရီးသည်တင်ယာဉ်ငယ်များလည်း ရပ်နားထားကြကြောင်း သိရသည်။

မြဝတီသို့သွားသည့် အခြားလမ်းပိုင်းများ ယာယီပိတ်ထားခြင်းမရှိသော်လည်း မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းများ အားလုံးလိုလို ဆိုးဆိုးရွားရွားပျက်ဆီးနေခြင်းကြောင်း အဆိုပါ ယာဉ်‌မောင်းကပင် တဆက်တည်းပြောကြားသည်။

မြဝတီ-ကျော်ခို့-ထို့ကော်ကိုးလမ်း လမ်းအပါအဝင် နယ်ခြားစောင့်တပ်က ဖောက်လုပ်ပေးထားသည့် ၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းတို့မှာ လက်ရှိတွင် 4wheel ပါသည့်ယာဉ်များပင်လျှင် ချိန်းကြိုးပတ်ကား မောင်းနှင်နေရသည့် အခြေအနေ ရှိ‌နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here