ပြင်ဦးလွင်တွင် တွဲယာဉ် (၂) စီးဖြင့် သယ်ဆောင်လာသည့် ငွေကျပ် (၁၆) ဘီလီယံ‌ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၁) သန်း ကျော်ဖမ်းဆီးရမိ

0
325

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် တွဲယာဉ် (၂) စီးဖြင့် သယ်ဆောင်လာသည့် ငွေကျပ် (၁၆) ဒသမ (၈) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၁) ဒသမ (၂) သန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇူလိုင် (၁၄) ရက်၊ နံနက် (၆) နာရီခွဲအချိန်တွင် နောင်ချိုမှ မန္တလေးသို့ မင်းဇော် မောင်းနှင်ပြီး မင်းကို လိုက်ပါသည့် (၂၂) ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၃) ဒသမ (၉၅) သန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင် (၁၄) ရက် ၊နံနက် (၁၀) နာရီခွဲအချိန် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၄)၊ မြို့ရှောင်လမ်းတွင် မောင်ငယ်(ခ)ကျော်ကြီးအား (၁၈) ဘီး တွဲယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား (၇) ဒသမ (၂၅) သန်းနှင့်အတူ ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် (၁၆) ဒသမ (၈) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၁) ဒသမ (၂) သန်းကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည့်အတွက် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here