အီတလီမှာ ကျွ – န်လိုလုပ်ကိုင်နေရတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကယ်တင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောကြား

0
305

အီတလီနိုင်ငံ မြောက်ပိုင်း ဗီရိုနာမြို့အနီးမှာ ကျွ – န်လို လုပ်ငန်းခွင်အခြေအနေတွေမှာ အလုပ်လုပ်နေကြရတဲ့ အိန္ဒိယနိုင်ငံသား ဒါဇင်ချီကို ကယ်တင်ပေးခဲ့တယ်လို့ အီတလီဘဏ္ဍာရေးရဲဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

အိန္ဒိယနိုင်ငံသား စိုက်ခင်းအလုပ်သမား ၃၃ ဦးဟာ တစ်နာရီလုပ်ခ ၄ ဒေါ်လာဝန်းကျင်အတွက် တစ်ရက် ၁၀ နာရီကျော်ကြာ ၇ ရက်တစ်ပတ်လုံး အတင်းအကျပ်ခိုင်းစေခံရပြီး တစ်ခါတရံ လုပ်ခတွေ သိမ်းဆည်းခံရတာမျိုးရှိတယ်လို့ ရဲ အစီရင်ခံချက်တစ်ခုမှာ ပြောဆိုပါတယ်။

လူဆိုးဂိုဏ်းခေါင်းဆောင်တွေလို့ သံသယရှိတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးထံက ငွေသား ဒေါ်လာ ၅ သိန်းနဲ့ အခြားပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။ ဒီငွေတွေဟာ အလုပ်သမားတွေကို အဖိုးအခနည်း လုပ်သားတွေအဖြစ် ရောင်းစားမှုနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

ဇွန်လအတွင်းက သစ်သီးခြံတစ်ခုမှာ မတော်တဆထိခိုက်မှုကြောင့် လက်မောင်းဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦး ‌ေ-သဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာမှတဆင့် ယခုဖြစ်ရပ်ကို အာဏာပိုင်တွေ ဖော်ထုတ်နိုင်ခဲ့တာလို့ သိရပါတယ်။

လူကုန်ကူးသမားတွေနဲ့ အလုပ်တွဲလုပ်နေတဲ့ အိန္ဒိယပွဲစားတွေက အီတလီနိုင်ငံမှာ တရားဝင်အလုပ်အကိုင်ရရှိစေမယ်လို့ မက်လုံးပေးကာ အလုပ်သမား ၃၃ ဦးကို သွေးဆောင်ခေါ်ယူခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။

လွတ်မြောက်လာတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ကျား/မ ဘယ်နှဦးပါဝင်တယ်ဆိုတာကို ထုတ်ပြန်ခြင်း မပြုသေးပါဘူး။ လက်ရှိမှာ အဖိုးအခနည်း အလုပ်သမားတွေ အသုံးပြုနေတဲ့ ကုမ္ပဏီများစွာ အပါအဝင် သံသယရှိ လူဆိုးဂိုဏ်းခေါင်းဆောင်တွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here