အုပ်စုကြပ်ထဲ ရောက်နေသည့် မြန်မာ U-19 အသင်း မနက်ဖြန် ဗီယက်နမ်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ် ကစားမည်

0
120

အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ (2024 AFF U-19 Boys Championship)ကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အုပ်စုကြပ်အတွင်းရောက်နေကြောင်း ယူ-၁၉ အသင်း နည်းပြချုပ် ဦးအောင်နိုင်က ယနေ့ ဇူလိုင်(၁၇)ရက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသည်။

မနက်ဖြန် ဇူလိုင်(၁၈)ရက် မြန်မာစံတော်ချိန် ညနေ (၆)နာရီ(၄၅)မိနစ်တွင် မြန်မာ U-19 အသင်းသည် ဗီယက်နမ်အသင်းနှင့် Gelora Bung Tomo Stadium ၌ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

“အားလုံးသိထားတဲ့အတိုင်း မြန်မာအသင်းက အုပ်စုကြပ်မှာ ကျရောက်နေပါတယ်။ သြစတြေးလျ၊ ဗီယက်နမ် စတဲ့ အသင်းကောင်းတွေ ပါဝင်သလို လာအိုကလည်း တိုးတက်လာတဲ့ အသင်းဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် အသင်းတိုင်းက သေချာပြင်ဆင်လာမှာဖြစ်သလို မြန်မာအသင်း အနေနဲ့လည်း အကောင်းဆုံးပြင်ဆင်လာခဲ့ပါတယ်။ ပွဲစဥ်တိုင်းကို သေချာအာရုံစိုက်ပြီး အကောင်းဆုံး ယှဥ်ပြိုင်သွားမှာပါ။ လက်ရှိမှာတော့ ဗီယက်နမ်နဲ့ အဖွင့်ပွဲစဥ်ကိုပဲ အာရုံစိုက်ထားပါတယ်” ဟု မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း၏ နည်းပြချုပ်ဦးအောင်နိုင်က ပြောကြားသည်။

2024 AFF U-19 Boys Championship ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဩစတြေးလျ၊ ဗီယက်နမ် ၊ လာအို စ
သည့်အသင်းများဖြင့် တစ်အုပ်စုတည်းကျရောက်နေခြင်းဖြစ်သည်။

မြန်မာ U19 အသင်းသည် ဇူလိုင် (၁၈)ရက်တွင် ဗီယက်နမ်အသင်း၊ ဇူလိုင် (၂၁)ရက်တွင် လာအိုအသင်း၊ ဇူလိုင် (၂၄) ရက်တွင် သြစတြေးလျအသင်းတို့နှင့် အသီးသီးယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာယူ-၁၉ အသင်းကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၉)ဦး၊ ကစားသမား (၂၃) ဦး စုစုပေါင်း (၃၂) ဦးဖြင့် ဖွဲ့စည်းထားပြီး ဇူလိုင် (၁၆)ရက် နံနက်ပိုင်း၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here