တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကြည်း၊ ရေ၊ လေ မိသားစုများ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်း

0
109

၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး ကြည်း၊ ရေ၊ လေ မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ ဇူလိုင် (၁၇)ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်း
ဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အပါအဝင် ဆရာတော်(၂၇ ) ပါး ကြွရောက်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ
နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို တက်ရောက်လာကြသည့် တပ်မတော် ကြည်း၊ရေ၊လေ မိသားစုဝင်များက သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ၍ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တက်ရောက်လာကြသူများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီးနောက် ဆရာတော်များကို နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here