ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဟု ဆို

0
112

ယခုလာမည့် ပွင့်လင်းရာသီတွင် ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးကို ပိုမိုဆောင်ရွက်မည်ဟု စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ယမန်နေ့ ဇူလိုင် (၁၇) ရက်က ပြုလုပ်သည့် ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ခေတ်မီနည်းပညာများကို အသုံးပြု၍ ယခုထက် ပိုမိုကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ကာ နိုင်ငံတော်၏ စွမ်းအင်လုံခြုံမှုရှိရေးသည် ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သဖြင့် အစီအမံများ သေချာစွာချမှတ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြားသည်။

ထိုနည်းတူ သဘာဝဓာတ်ငွေ့ အထွက်တိုးရေးဆောင်ရွက်ရာတွင် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဓာတ်ဏမြေဩဇာစက်ရုံများနှင့် ရေနံချက်စက်ရုံစီမံကိန်းများအတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့ပံ့ပိုးပေးနိုင်ရေး အလေးထားရည်မှန်းဆောင်ရွက်သွားရန် ဖြစ်ကာပွင့်လင်းရာသီတွင် ဆောင်ရွက်မည့် ဆိုက်စမစ်တိုင်းတာရေးအတွက်လည်း ကြိုတင်ပြင်ဆင်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသည်။

ထိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများကလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကမ်းလွန်စီမံကိန်းများနှင့် မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေတွင် ထုတ်လုပ်ရေးတွင်းနှင့် ရှာဖွေရေးတွင်းများ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေ၊ ဘုရားကုန်းဒေသ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရန် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်မှုရလဒ်အပေါ် လေ့လာဆန်းစစ် တွက်ချက်မှုအခြေအနေနှင့် လာမည့်ပွင့်လင်းရာသီအတွင်း စပါးကြီးစမ်း၊ နတ်စင်ကုန်းဒေသတို့တွင် ဆိုက်စမစ်တိုင်း တာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here