မန္တလေး၊မဟာအောင်မြေရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ အမျိုးသား (၂)ဦးထံမှ ငွေကျပ် ( ၁ )ဘီလီယံ‌‌ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
189

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူ အမျိုးသား (၂)ဦးထံမှ ငွေကျပ် ၁.၁၉၅၄၈ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် (၁၆) ရက် နံနက် (၁၁)နာရီခွဲအချိန်က မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၉ လမ်း၊ ၅၃ x ၅၄ လမ်းကြားရှိ ဟိုတယ်အခန်းအမှတ် — အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ တည်းခိုနေထိုင်သူ မောင်မောင်ခင် နှင့် ကျင်ရှန်(ခ)အားယုံ တို့အား တွေ့ရှိပြီး အခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၁.၀၈၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁၇ သိန်း)၊ ကက်တမင်း အလေးချိန် ၅.၅၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၆၅ သိန်း)၊ အက်တက်စီဆေးပြား ၁၆၁၅၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် သိန်း ၉၆၉၀)၊ Happy Water အလေးချိန် ၃၁၉ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈၂.၈ သိန်း)၊ မြန်မာငွေကျပ် ၁.၃ သိန်းနှင့် လက်ကိုင်ဖုန်း (၄) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ မောင်မောင်ခင်(၂၉)နှစ်နှင့် ကျင်ရှန်(ခ)အားယုံ (၃၀)နှစ်တို့အား အမှတ်(၉)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။

ဇူလိုင် (၁၄)ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် တွဲယာဉ် (၂) စီးဖြင့် သယ်ဆောင်လာသည့် ငွေကျပ် (၁၆) ဒသမ (၈) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၁) ဒသမ (၂) သန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားချက် အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here