မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ သတိပေး

0
340

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ဇူလိုင် (၂၀)ရက်တွင် ထုတ်ပြန်အသိပေးထားသည်။

ယနေ့နံနက် မိုး/ဇလ၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက် -အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ်၏ အဝန်းအဝိုင်းသည် အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေကို ပူရီမြို့(Puri) တောင်ဘက်အနီးမှ စတင်ဖြတ်ကျော်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း အနောက် -အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်တို့သို့ ရောက်ရှိကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု မိုး/ဇလ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here