ကံပိုင်တီ နယ်စပ်ကုန်သွယ်မှု ဇူလိုင်လလယ်တွင် ကုန်သွယ်မှု ရည်မှန်းချက် ၄၄ ရာခိုင်နှုန်း အောင်မြင်ခဲ့

0
126

မြန်မာ-တရုတ် နယ်စပ်ရှိ ကံပိုင်တီနယ်စပ်စခန်းမှ ဇူလိုင်လလယ်တွင် ကုန်သွယ်မှု ရည်မှန်းချက် ၄၄ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

ကံပိုင်တီနယ်စပ်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် လျာထားချက် ကန်ဒေါ်လာ ၅ သန်း ပြည့်မီရန် မျှော်မှန်းထားပြီး ပို့ကုန် ကန်ဒေါ်လာ (၄) သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ (၁) သန်းဖိုးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင် (၁)ရက်မှ (၁၃) ရက်ကြားတွင် အမှန်တကယ်ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြစ်ပြီး ပို့ကုန်ဒေါ်လာ ဝ.၆၅၉ သန်းနှင့် သွင်းကုန်ဒေါ်လာ ၁ ဒသမ ၅၄ သန်းတန်ဖိုးရှိ ကုန်သွယ်မှု လျာထားချက်၏ ၄၄ ဒသမ ၀၀၈ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။

ကံပိုင်တီနယ်စပ်မှ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ ငှက်ပျောသီး၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ သရက်သီးခြောက်အချပ်၊ ကွမ်းသီးခြောက်၊ ဖာလာမဲ၊ ပဲမျိုးစုံ၊ မန်ကျည်းစေ့နှင့် အလူမီနီယံ အပိုင်းအစများဖြစ်သည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံမှ အရင်းအနှီးကုန်စည်များ၊ အလယ်အလတ်ကုန်စည်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ သစ်သီးဝလံနှင့် စက်သုံးဆီများကို တင်သွင်းလျက်ရှိကြောင်းလည်း သိရသည်။

ကံပိုင်တီ-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်းတွင် တောင်တက်လမ်းပြိုကျမှုနှင့် လမ်းပိတ်ဆို့မှုစသည့် သွားလာရေးအခက်အခဲများမရှိဘဲ ပုံမှန်ကုန်သွယ်မှု စီးဆင်းလျက်ရှိကြောင်း၊ onestop ဝန်ဆောင်မှုအေဂျင်စီများနှင့် သက်ဆိုင်ရာဌာနများအပါအဝင် ပေါင်းစပ်အဖွဲ့တစ်ဖွဲ့သည် ချောမွေ့သောကုန်သွယ်မှုစီးဆင်းမှုနှင့် ပို့ကုန်များ အားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here