ရွှေတိဂုံစေတီတော်တွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် ဝါတွင်းသီလခံယူပွဲ ဖွင့်ပွဲကျင်းပ

0
116

ရန်ကုန်မြို့၊ ဒဂုံမြိူ့နယ်ရှိ ရွှေတိဂုံစေတီတော်တွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် ဝါတွင်းသီလခံယူပွဲ ဖွင့်ပွဲကို ယနေ့ ဇူလိုင် ၂၀တွင်ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကာ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)အခမ်းအနားများကို ယနေ့နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့်ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များကစေတီတော်ရင်ပြင်ဧည့်ခံတန်ဆောင်း၌ ဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် အရုဏ်ဆွမ်းတော်ကြီးဆက်ကပ်ပူဇော်ကြသည်။

ထို့အပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများ၊ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများက စိန်ရောင်ခြည်ဘုရားပင့် ဂါထာတော်ဖြင့်ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအားဖိတ်ကြားခြင်း၊ တိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ဓမ္မစကြာအမွှမ်းဂါထာရွတ်ဆိုပူဇော်ခြင်း၊ပရိသတ်အ‌ပေါင်းတို့ကဓမ္မစက္ကပ္ပဝတ္တနသုတ်ပါဠိတော်ကိုရွက်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။

ယင်းနောက် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ စတင်၍ ရွှေကြာ သင်္ကန်းလှည့်လည်ပူဇော်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့်အလှူရှင်များက ဝါဆိုရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်ကာ ရင်ပြင်တော်တစ်ပတ် လက်ယာရစ် လှည့်လည်ပူဇော်ကြကြောင်းလည်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စေတီတော် ရင်ပြင် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ဘုရားကို‌ ရွှေကြာသင်္ကန်း‌တော်ကို ကပ်လှူပူ‌ဇော်ကြပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့်ဂေါပကအဖွဲ့ဝင်များက အာရုံခံတန်ဆောင်းမုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာ ဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများ အား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြသည်။

ရွှေတိဂုံစေတီတော်တွင် ဝါဆိုလပြည့်နေ့ ဇူလိုင်လ ၂ဝ ရက်တွင် ဓမ္မစင်္ကြာအခါတော်နေ့အခမ်းအနား နှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား၊ ဝါခေါင်လပြည့်နေ့ ဩဂုတ်လ ၁၉ ရက်တွင် မေတ္တာအခါတော်နေ့ အခမ်းအနားနှင့် ပန်းပေါင်း ၈၄,ဝဝဝ ပူဇော်ပွဲအခမ်းအနား၊ တော်သလင်းလပြည့်နေ့ စက်တင်ဘာလ ၁၇ ရက်မှာ ဂရုဓမ္မအခါတော်နေ့အခမ်းအနား၊ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ အောက်တိုဘာလ ၁၆ ရက်မှာတော့ သီတင်းကျွတ် မီးထွန်းပွဲတော်အခမ်းအနားနှင့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၁၇ ရက်မှာ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကို ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဝါဆိုလပြည့်နေ့မှစတင်ကာ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန်အတွက်လည်း သီလခံယူပွဲများကျင်းပရန် စီစဉ်ထားရှိကြောင်းလည်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here