နိုင်ငံရေး အကျဉ်းသားတွေကို မုန်တိုင်းဒဏ်သင့် ရှင်းလင်းရေးလုပ်ငန်းတွေမှာ ဝင်ကူခိုင်းဖို့ ဘီလာရုစ် သမ္မတ ပြော

0
211

သူ့နိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို ဘီလာရုစ် သမ္မတ အလက်ဇန်ဒါး လူကာရှန်ကိုက လျစ်လျူရှုလိုက်ပြီး နိုင်ငံမှာ မုန်တိုင်းဒဏ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးမှုတွေကို ရှင်းလင်းရာမှာ သူတို့တွေကို ပါဝင်ကူညီစေမယ်လို့ သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

လူကာရှန်ကိုဟာ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကာလရှည် ပယ်ချခဲ့ပေမယ့် နိုင်ငံတွင်းမှာ ဖမ်းဆီးခံထားရတဲ့ ခန့်မှန်းခြေ နိုင်ငံရေးအကျဉ်းသား ၁၄၀၀ ကျော်ကို လွှတ်ပေးရေး နိုဗယ်ဆုရှင်ဟောင်းတွေနဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ တောင်းဆိုမှုနဲ့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ရဲ့ ပြိုင်ဘက်အများစုဟာ ထောင်ထဲမှာ ရောက်နေသလို တစ်ချို့က ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

သူပြန်လည်ရွေးကောက်ခံရတဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ အလိ-မ်အညာဖြစ်တယ်ဆိုကာ ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေကို လူကာရှန်ကိုက အကြီးအကျယ် နှိမ်နင်းခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာပူတင်ရဲ့ ထောက်ခံချက်ရရှိခဲ့ပြီးနောက် သူဟာ အာဏာကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်စစ်မှာ သူက ပူတင်ကို ဘီလာရုစ်နယ်မြေပိုင်နက် အသုံးပြုခွင့်ပေးခဲ့ပါတယ်။

“လူတိုင်းလူတိုင်း အင်တာနက်ပေါ် ပို့စ်မတင်ခင် ပုဆိန် ဒါမှမဟုတ် လွှတစ်ချောင်းချောင်းယူပြီး ကူညီကြပါ” လို့ သူက ပြောဆိုပါတယ်။

မိမိတို့မှာ အကျဉ်းသား ၂၀၀၀၀ ကျော်လောက်ရှိထားတယ်ဆိုတာ ပြည်ထဲရေးဝန်ကြီးကို ပြောထားပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားလို့ ခေါ်သူတွေလည်း ရှိကြောင်းနဲ့ လိုအပ်ရင် သူတို့ကို စေလွှတ်ပေးမယ်လို့ ပြောထားကြောင်း၊ မြို့သူမြို့သားတွေ အထူးသဖြင့်တော့ ဒီကပ်ပါးကောင်တွေ(နိုင်ငံရေးအကျဉ်းသား) ကို စည်းရုံးခေါ်ဆောင်ရမယ်လို့ မှာကြားထားကြောင်း လူကာရှန်ကိုက ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here