ယခုဘဏ္ဍာနှစ် သုံးလကျော်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၆၄၀ ကျော်ရရှိထား

0
640

ယခုဘဏ္ဍာနှစ် သုံးလကျော်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၆၄၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံများသို့ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ ဇူလိုင် (၁၂) ရက်အထိ သုံးလကျော်အတွင်း ပဲမျိုးစုံ တန်ချိန် ၇၄၀,၀၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ကာ မတ်ပဲတစ်မျိုးတည်းတင်ပို့မှုသည် ပဲမျိုးစုံတင်ပို့မှု စုစုပေါင်းဝင်ငွေ၏ ရာခိုင်နှုန်း ၄၀ ကျော်အထိ အများဆုံးရရှိခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ပဲမျိုးစုံတင်ပို့မှုသည် ပင်လယ်ရေကြောင်းမှတစ်ဆင့် တန်ချိန် ၇၁၈,၁၆၉ ကျော်တင်ပို့မှုမှ ဒေါ်လာ ၆၂၁ သန်းကျော်နှင့် နယ်စပ်မှတဆင့် တန်ချိန် ၂၅,၁၉၄ ကျော်တင်ပို့မှုမှ ဒေါ်လာ ၂၁ သန်းကျော် စုစုပေါင်း ပဲမျိုးစုံတန်ချိန် ၇၄၃ ၃၅၄ ဒသမ ၁၉၃ တန်တင်ပို့မှုမှ ဒေါ်လာ ၆၄၂ ဒသမ ၄၅၄ သန်းရရှိထားခြင်း ဖြစ်သည်။

ယင်းအနက် မတ်ပဲတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၇၄သန်းကျော် ရရှိခဲ့သဖြင့် စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၄၀ ကျော် ဖြင့် အများဖြစ်သည်။

ယင်းနောက်တွင် ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၅၈ သန်းကျော်ဖြင့် ဒုတိယနှင့် ပဲစဉ်းငုံတင်ပို့မှုမှ ဒေါ်လာ ၁၁၅ သန်းကျော်ဖြင့် တတိယအများဆုံးဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်မူ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့နိုင်ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၁ ဒသမ ၄၈၄ ဘီလျံကျော်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ် လုပ်လျက်ရှိနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here