မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ သုံးလကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ(၈၅၆)သန်း‌ကျော်ရရှိခဲ့

0
193

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့၏ နယ်စပ်ကုန်သွယ်မှု ပမာဏသည် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၈၅၆ ဒသမ ၃၁၇ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ စုစုပေါင်းကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၁.၇ ဘီလီယံမှ ကျဆင်းသွားခဲ့ပြီး ဒေါ်လာ တစ်ဘီလီယံကျော် သိသိသာသာ ကျဆင်းသွားကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မော်တောင်နယ်စပ်များမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကို ပြုလုပ်လျက်ရှိသည်။

၎င်းတို့အထဲမှ ထီးခီးနယ်စပ်သည် ကန်ဒေါ်လာ ၅၄၃ ဒသမ ၀၀၁ သန်းကျော်ဖြင့် အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း၊ ထို့အပြင် ကုန်သွယ်မှုတန်ဖိုးမှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကန်ဒေါ်လာ ၉၅ ဒသမ ၃၂၄ သန်း၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၆၈ ဒသမ ၅၆၂ သန်း၊ မြိတ်တွင် ကန်ဒေါ်လာ ၅၆ ဒသမ ၅၆၅ သန်း၊ ကော့သောင်းတွင် ကန်ဒေါ်လာ ၇၆ ဒသမ ၄၃၁ သန်းနှင့် မောတောင်တွင် ကန်ဒေါ်လာ ၁၆ ဒသမ ၄၃၄ သန်းကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် နယ်နိမိတ် ကုန်သွယ်မှုကို ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာထွက်ကုန်များ၊ မွေးမြူရေးထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ဓာတ်သတ္တုများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များ တင်ပို့လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း လူသုံးကုန်ပစ္စည်းများနှင့် CMP ကုန်ကြမ်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here