ဘင်္ဂလားဒေ့ရှ်သို့ အရေးတကြီး ကိစ္စ မဟုတ်လျှင် ခရီးမသွားရန် ညွှန်ကြားထား

0
179

စင်္ကာပူ၊ဇူလိုင် ၂၀

ဘင်္ဂလားဒေ့ရှ်၌ဖြစ်ပေါ်နေသည့် ကျောင်းသားနှင့်အစိုးရအကြား ပြဿနာများသည် မပြေလည်သေးဘဲ အဓိကရုဏ်းအသွင်ဆောင်လာသဖြင့် စင်္ကာပူနိုင်ငံသားများအနေဖြင့် အရေးတကြီး ကိစ္စ မဟုတ်လျှင် ဘင်္ဂလားဒေ့ရှ်သို့ ခရီးမသွားရန် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် အကြမ်းဖက်မှုများနှင့် ဆန္ဒပြမှုများ ပြင်းထန်လာသဖြင့် စနေနေ့က တစ်နိုင်ငံလုံး ညမထွက်ရအမိန့်ကိုထုတ်ပြန်ကြေငြာခဲ့သည်။

အလားတူ အင်တာနက်ဝန်ဆောင်မှုများ၊မိုဘိုင်းဒေတာ ကွန်ရက်များနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများမှာလည်း ပြတ်တောက်သွားကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါ နေဝင်မီးငြိမ်း အမိန့်သည် ယခုရက်သတ္တပတ်အတွင်းမှာပင် လူပေါင်း ၁၁၀ ထက်မနည်း‌ေ-သဆုံးခဲ့ရသည့် အစိုးရ၏အလုပ်ခွဲတမ်းကိုဆန့်ကျင်သည့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများကို နှိမ်နင်းရန်ရည်ရွယ်ပြီးထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ဆန္ဒပြပွဲအတွင်း လူပေါင်း ထောင်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ ဆေးရုံ၊ဆေးခန်းများ၏ ကိန်းဂဏန်းများအရသိရှိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသော စင်္ကာပူနိုင်ငံသားများအနေဖြင့်လည်း အခြေအနေကိုနိုးနိုးကြားကြားအကဲခတ်လျက်နေထိုင်ကာ အိမ်အပြင်အရမ်းမထွက်ဘဲ နေ့စဉ်သတင်းများကိုစောင့်ကြည့်နေထိုင်သင့်ကြောင်းလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက‌သတိပေးချက်ထုတ်ပြန်ထားသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here