ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်း ၂၃ ကျောင်းနှင့် တိုက်နယ်ဆေးရုံတစ်ခု ရေနံချောင်းမြို့၌ ယာယီပိတ်ထားရ

0
258

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာအချို့တွင် လူနေအိမ်များနှင့် အခြေခံပညာကျောင်းများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့်အခြေခံပညာကျောင်း ၂၃ ကျောင်းနှင့် တိုက်နယ်ဆေးရုံတစ်ခု ပိတ်ထားရကြောင်း ‌နိုင်ငံပိုင်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများမှာ မာန်မြေကျေးရွာအုပ်စုမှ အခြေခံပညာကျောင်း ၇ ကျောင်း၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုမှ ၅ ကျောင်း၊ ဝက်လွတ်ကျေးရွာအုပ်စုမှ ၅ ကျောင်း၊ ရုံးဆိပ်ကျွန်းကျေးရွာအုပ်စုမှ ၂ ကျောင်း၊ ဝက်မစွပ်ကျေးရွာအုပ်စုမှ ၁ ကျောင်း၊ ဘူးကျွန်းကျေးရွာအုပ်စုမှ ၁ ကျောင်း၊ ဖောင်းကတောကျေးရွာအုပ်စုမှ ၁ ကျောင်းနှင့် မြို့မတောင်ရပ်ကွက်မှ ၁ ကျောင်းတို့ဖြစ်ပြီး အဆိုပါကျောင်းများကို ဇူလိုင် ၉ ရက်က စတင်ယာယီပိတ်ထားခဲ့‌ကြောင်း၊ ထို့ပြင် ဝက်လွတ်ကျေးရွာအုပ်စု ဝက်လွတ်တိုက်နယ်ဆေးရုံကိုလည်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရကြောင်း သိရသည်။

အဆိုပါ ကျောင်းများရှိ ဆရာ/ဆရာမ ၁၄၂ ဦးနှင့် ထက်၊ လယ်၊ မူအဆင့် ကျောင်းသားကျောင်းသူ ၂၅၄၈ ဦးတို့အား ရေဘေးအန္တရာယ်ကင်းဝေးစေရန် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ခန်းစာနောက်မကျစေရန် စာသင်ချိန်များကို အစားထိုး ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here