စင်ကာပူကမ်းလွန်မှာ သင်္ဘောနှစ်စင်း တိုက်မိမှုအတွင်း ပါဝင်ခဲ့တဲ့ ရေနံတင်သင်္ဘောကို ရှာတွေ့ခဲ့ဟု မလေးရှားကမ်းခြေစောင့်တပ် ပြောကြား

0
118

လွန်ခဲ့တဲ့ နှစ်ရက်ခန့်က စင်ကာပူကမ်းလွန်မှာ အခြားသင်္ဘောတစ်စင်းနဲ့ ပြင်းထန်တဲ့ တိုက်မိမှုမှာ ပါဝင်ခဲ့တဲ့ ရေနံတင်သင်္ဘောကြီး ရောက်ရှိနေတဲ့နေရာကို တွေ့ရှိခဲ့ပြီး ကြားဖြတ်ဟန့်တားခဲ့တယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်က တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သင်္ဘောချင်းတိုက်မိတာကြောင့် သင်္ဘောသား နှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး မီးစွဲလောင်သွားတဲ့ Sao Tome and Principe အလံလွှင့် ရေနံတင်သင်္ဘော Ceres I ဟာ အခင်းဖြစ်နေရာကနေ မောင်းထွက်သွားခဲ့တာဖြစ်ပါတယ်။ သင်္ဘောဟာ သူ့ရဲ့ ခြေရာခံစနစ်ကိုလည်း ပိတ်ပစ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း မလေးရှားကမ်းခြေစောင့် တပ်က ပြောဆိုပါတယ်။

သောကြာနေ့အစောပိုင်းက Ceres I နဲ့ စင်ကာပူအလံလွှင့် Hafnia Nile ရေနံတင်သင်္ဘောနှစ်စင်းတို့ဟာ စင်ကာပူကျွန်း Pedra Branca ရဲ့ အရှေ့မြောက်ဖက် ၅၅ ကီလိုမီတာခန့်အကွာ ရေပြင်မှာ တိုက်မိခဲ့ကြတာဖြစ်တယ်လို့ စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့(MPA) က သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

စင်ကာပူအလံလွှင့် သင်္ဘောပေါ်မှာ သင်္ဘောသား ၂၂ ဦးပါဝင်ခဲ့ပြီး Ceres I ပေါ်မှာ သင်္ဘော ၄၀ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းမှာ Ceres I ပေါ်က သင်္ဘောသား ၁၄ ဦးကို စင်ကာပူလေတပ်က ကယ်တင်ထားခဲ့ပြီး ကျန် ၂၆ ဦးကတော့ သင်္ဘောပေါ်လောင်နေတဲ့မီးကို ငြိမ်းသတ်ရင်းကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး Ceres I ရဲ့ ပိုင်ရှင် တရုတ်ကုမ္ပဏီက တုန့်ပြန်မှတ်ချက်ပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

တွန်းသင်္ဘောနှစ်စင်းက တွန်းခေါ်သွားတဲ့ Ceres I ကို မလေးရှားရေပိုင်နက်အတွင်းမှာ ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်က တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ Ceres I နဲ့ တွန်းသင်္ဘောနှစ်စင်းကို ကမ်းခြေစောင့်တပ်က ထိန်းသိမ်းလိုက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

အခြား မီးလောင်ကျွမ်းခဲ့တဲ့ Hafnia သင်္ဘောဟာလည်း မီးသတ်ဆွဲသင်္ဘောတွေ စေလွှတ်ကာ ပင်လယ်ပြင်မှာ မီးငြိမ်းသတ်မှုတွေလုပ်ဆောင်လျက်ရှိနေတယ်လို့ သက်ဆိုင်ရာ ကုမ္ပဏီက ပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ်းခြေစောင့်တပ်ရဲ့ ဝေဟင်ကနေ စစ်ဆေးလေ့လာမှုအရ Ceres I နဲ့ Hafnia Nile ရေနံတင်သင်္ဘောတို့ တိုက်မိခဲ့တဲ့ နေရာမှာ လောင်စာဆီယိုဖိတ်မှုအသေးစားဖြစ်ပေါ်ခဲ့တာကို တွေ့ရှိခဲ့တယ်လို့လည်း ကမ်းခြေစောင့်တပ်က ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဋ္ဌာနကို အကြောင်းကြားထားကာ ထပ်မံစောင့်ကြည့်မှုတွေလုပ်ဆောင်နေတယ်လို့လည်း ကမ်းခြေစောင့်တပ်က ပြောဆိုခဲ့ပါတယ်။

Ref: Alarabiya News, Malay Mail


LEAVE A REPLY

Please enter your comment!
Please enter your name here