လယ်ဝေးမြို့နယ်အတွင်း ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သူများကို ဖမ်းမိဟု နစကထုတ်ပြန်

0
117

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဇူလိုင် (၁၆) ရက်ကဖြစ်ပွားခဲ့သည့် ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲသောဖြစ်စဉ်၌ ပါဝင်သူ (၂) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစက က သတင်းထုတ်ပြန်သည်။

ဇူလိုင် (၁၆) ရက် နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီး၌ ရှော့တိုက်ဒုံး (၃) လုံး ကျရောက်ပေါက်ကွဲခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်အဆိုပါ ပတ်ဝန်းကျင်တစ်ဝိုက်အား စစ်ဆေးရှာဖွေမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ အောင်စေတနာကျေးရွာအနီး၌ ရှော့တိုက်ဒုံးပစ်ခတ်ပြီး ပျက်စီးနေသည့် ဒုံးပစ်စင် (၄) ခုနှင့် ပစ်ခတ်ရန်အသင့်တပ်ဆင်ထားသည့် ဒုံးပစ်စင် (၃) ခုတို့အား တွေ့ရှိခဲ့ရသဖြင့် ပစ်ခတ်ခြင်းမရှိသေးသည့် ဒုံးသီးများအား စနစ်တကျ သက်မဲ့ပြုလုပ်ခဲ့နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ထို့ပြင် အဆိုပါရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့်နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်အား ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် ပါဝင်သူ (၂)ဦးဖြစ်သည့် လယ်ဝေးမြို့နယ်၊ သာဝတ္တိ၊ သစ်ကြိမ်းအုပ်စု၊ ဟေမာန်ကျေးရွာနေ ပြည့်ဖြိုးအောင်(ခ)နောက်စေ့နှင့် သက်ခိုင်ထွန်း(ခ)ကိုသက်တို့အား ကနဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ စစ်ဆေးဖော်ထုတ်ချက်များအရ ဖြစ်စဉ်နှင့်ဆက်စပ်သူ (၁၅) ဦးအား လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိတရားခံများအား တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here