ကျောက်မဲမြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြို့လုံးကျွတ်နီးပါး စစ်ရှောင်မှုများရှိလာဟုဆို

0
113

ကျောက်မဲမြို့အတွင်း ယမန်နေ့ ဇူလိုင် (၂၁)ရက် နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအချိန်အထိ တစ်နေကုန်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယနေ့ဇူလိုင် (၂၂)ရက်တွင် မြို့လုံးကျွတ်နီးပါး စစ်ရှောင်မှုများရှိလာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ယမန်နေ့က ပစ်ခတ်မှုများအတွင်း လက်နက်ကြီးပစ်ခတ်မှုများအပြင် ဝေဟင်ပစ်ခတ်မှုများပါ ရှိခဲ့သည့်အတွက် ယခင် စစ်မရှောင်လိုသော ဒေသခံများပင် စစ်ရှောင်လာကြရပြီဖြစ်သည်ဟု ဆိုသည်။

“ကျောက်မဲကနေ စစ်ဘေးရှောင်သွားသူတွေ မနေ့ကအတော်များများတွေ့ရသလို ဒီနေ့လည်းအခြားမြို့ကိုစစ်ဘေးရှောင်မယ့်သူများမယ်။ အဝေးကို စစ်ဘေးမရှောင်နိုင်သူတွေလည်း အိမ်မှာတော့ မနေရဲကြတော့ဘဲ စစ်ဘေးရှောင်စခန်းတွေမှာပေါင်းနေကြလို့ စစ်ဘေးရှောင်စခန်းများမှာ ခိုလှုံသူများလာတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းအချို့ပြတ်တောက်နေပြီး နံနက် (၉)နာရီနောက်ပိုင်းတွင်း တစ်မြို့လုံးနီးပါး ခြောက်ကပ်နေကြောင်း သိရသည်။

” မနက်ပိုင်းလေး တစ်ချက် ဈေးရောင်းဈေးဝယ်အချို့ရှိပြီး (၉)နာရီ‌ကျော်ရင် ခြောက်ကပ် တိတ်ဆိတ်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဒေသခံများမှာ ကျောက်မဲမြို့အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံမှုများပြားလာကာ စားသောက်ရေးအခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here