လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်သားနှင့် စစ်ရေးပစ်မှတ်ကို သတိပြုခွဲခြားပေးကြရန် စစ်ရှောင်အရေး ဆောင်ရွက်သူများ မေတ္တာရပ်ခံ

0
83

ဒေသတွင်းစစ်ရှောင်အရေး ဆောင်ရွက်သူများက ယနေ့ ဇူလိုင် (၂၂)ရက်တွင် မေတ္တာရပ်ခံတိုက်တွန်းချက်ထုတ်ပြန်ထားသည်။

ယင်း တောင်းဆိုမှုတွင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုက်ပွဲရှောင်ပြည်သူများအား လမ်းခရီးအတွက် တတ်နိုင်သမျှကူညီကာ ဖြတ်သန်းခွင့်ပေးရန်၊ အရပ်သားနှင့် စစ်ရေးပစ်မှတ်ကို သတိပြု ခွဲခြားပေးရန် အပါအဝင် လက်နက်မဲ့ပြည်သူများကို ပစ်ခတ်ခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံထားခြင်းဖြစ်သည်။

အလားတူ တိုက်ပွဲရှောင်ပြည်သူများကလည်း စစ်ရေးဧရိယာအတွင်း သတိပြုသွားလာကြရန်၊ သတ်မှတ်စည်းကမ်းများအား အရိပ်အကဲနားလည်စွာ လိုက်နာကြရန်နှင့် မိမိတို့အသက်အန္တရာယ်ကင်းစွာ လိုရာခရီးဆက်ကြရန် သတိပေးနှိုးဆော်ထားသည်။

ယနေ့ ဇူလိုင် (၂၂)ရက် လားရှိုးမြို့မှ အထွက် ခရီးလမ်းပိုင်းများအနေဖြင့် လားရှိုး-စဉ့်အင်-ကုန်းသာ-နမ့်လန် -ကျောက်ဂူ-ဘန့်ဘွေးလမ်းပိုင်း၊ လားရှိုး-မိုင်းရယ်-ဆောင်ကြဲ–နမ့်လန်-ကျောက်ဂူ-ရွာငံလမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ်-ကျေးသီး-မိုင်းကိုင်-ပင်လုံ-လွိုင်လင်လမ်းပိုင်းများအတိုင်း သွားလာနိုင်ကြကြောင်း သိရသည်။

လက်ရှိ ဒေသတွင်းအခြေအနေများမှာ အချိန်မရွေးအပြောင်းအလဲ ဖြစ်ပေါ်နိုင်ခြင်းကြောင့် သတိဖြင့်ထားသွားလာရန်နှင့် အထူးသဖြင့် ညအချိန်များတွင် ဖြတ်သန်းသွားလာမှုကိုရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။

ယမန်နေ့ ဇူလိုင် (၂၁)ရက်တွင် တစ်ရက်လုံးနီးပါးဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲ၊ သီပေါ၊လားရှိုး ဒေသခံများ စစ်ဘေးတိမ်းရှောင်မှု ပိုမိုများပြားလာကြောင်း သိရသည်။

ဓာတ်ပုံ – ပုံအဟောင်း


LEAVE A REPLY

Please enter your comment!
Please enter your name here