တိုင်ဖွန်းမုန်တိုင်း ကျွန်းဆီဦးတည်လာတာကြောင့် ထိုင်ဝမ်က စစ်ရေးလေ့ကျင့်မှုတွေ ရပ်ဆိုင်း

0
244

တိုင်ဖွန်းမုန်တိုင်း Gaemi ကျွန်းဆီကိုဦးတည်လာတာကြောင့် ထိုင်ဝမ်က နှစ်စဉ်ပြုလုပ်နေကျ Han Kuang စစ်ရေးလေ့ကျင့်မှုတွေကို အင်္ဂါနေ့မှာ အချိန်မတိုင်ခင် ရပ်ဆိုင်းလိုက်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းစတင် တိုက်ခတ်နေပြီဖြစ်လို့ ကုန်းတွင်းပိုင်းအတွက် လေပြင်းတိုက်ခတ်မှုနဲ့ မိုးရွာသွန်းမှု သတိပေးချက်တွေ အစိုးရက ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ 

Gaemi ဟာ ယခုရာသီအတွင်း ထိုင်ဝမ်ကို ပထမဆုံးဝင်ရောက်မယ့် တိုင်ဖွန်းဖြစ်ပြီး မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့(ဇူလိုင် ၂၄) ညနဲ့ ကြာသပတေးမနက် အစောပိုင်း တစ်ချိန်ချိန်မှာ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းကြောင်း ထိုင်ဝမ်ရဲ့ ရာသီဥတုဆိုင်ရာ စီမံရေးဗဟိုအဖွဲ့က ပြောဆိုပါတယ်။

လက်ရှိမှာ ထိုင်ဝမ်က ပြင်းအား အလယ်အလတ်ရှိ တိုင်ဖွန်းအဖြစ် သတ်မှတ်ထားပြီး မုန်တိုင်းဟာ ထိုင်ဝမ်ရေလက်ကြားတစ်ဝိုက်ဖြတ်ကျော် တိုက်ခတ်ပြီးနောက် သောကြာနေ့အစောပိုင်းမှာ တရုတ်နိုင်ငံတောင်ပိုင်း ဖူကျန့်ပြည်နယ်ဘက်ကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် အရှေ့ပိုင်းကမ်ရိုးတန်းမှာ ပြုလုပ်မယ့် တိုက်လေယာဉ်လေ့ကျင့်ခန်းတွေ ဖျက်သိမ်းလိုက်ခြင်းအပါအဝင် ယခုသီတင်းပတ်မှာ စတင်ခဲ့တဲ့ ထိုင်ဝမ်ရဲ့ Han Kuang နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်ဝမ် ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနကလည်း အရှေ့တောင်ပိုင်း ကမ်းလွန်မှာတည်ရှိတဲ့ Green ကျွန်းနဲ့ Orchid ကျွန်းတွေကို ပြေးဆွဲမယ့် ကူးတို့သင်္ဘောခရီးစဉ်အားလုံးကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်း လေကြောင်းခရီးစဉ် လေးခုကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကတော့ လက်ရှိအထိ သက်ရောက်မှု မရှိသေးဘူးလို့ သိရပါတယ်။

Gaemi ဟာ ဖိလစ်ပိုင်အရှေ့ပိုင်းကို ဖြတ်ကျော်ခဲ့ပေမယ့် ကုန်တွင်းပိုင်းကို ဝင်ရောက်ခဲ့ခြင်းတော့ မရှိပါဘူး။ သို့ပေမယ့် ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ မုန်တိုင်းအရှိန်ကြောင့် လက်ရှိအထိ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိနေကြောင်း သိရပါတယ်။

Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here