ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တာတမံများကို ဘေးကင်း လုံခြုံမှုရှိစေရေး စစ်ဆေးဆောင်ရွက်

0
236

မြစ်ရေများမြင့်တက်လာမှု အခြေအနေအရ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တာတမံများကို ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။

ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ယမန်နေ့ ဇူလိုင် (၂၂) ရက်က လိုက်လံစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဧရာဝတီအရှေ့ဘက်ကမ်း အဖျောက်တာ၊ နှစ်စဉ်ဧရာဝတီမြစ်ကမ်း ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ဧရာဝတီအရှေ့ဘက်ကမ်း အဖျောက်တာရှိ ရေကင်းစခန်းများနှင့် ရပ်ကွက်/ကျေးရွာ ရေကင်း စခန်း များတွင် အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိမှု၊ ရေဘေးကြိုတင်ကာကွယ်မှု လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို စစ်ဆေး ကြည့်ရှုခဲ့ ကြောင်း သိရသည်။

စစ်ဆေးကြပ်မတ်ရာ၌ မြစ်ရေတိုက်စားမှုနှင့် မြစ်ရေဖြင့် အချိန်ကြာမြင့်စွာ ထိတွေ့မှုကြောင့် တာအိခြင်း၊ တာလျှောခြင်း၊ ရေပေါက်(ထူးပေါက်)များ ဖြစ်ပေါ်တတ်သဖြင့် နေ့ညမပျက်ရေကင်းလှည့်ဇယားများဖြင့် ကြည့်ရှုစစ်ဆေးကြရန်၊ လိုအပ်ပါက သက်ဆိုင်ရာတာဝန် ရှိသူများ၊ ဌာနများ၊ ရပ်ကွက်/ ကျေးရွာ အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ အချိန်နှင့်တစ်ပြေးညီ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ကြရန် ဒုဝန်ကြီးက တိုက်တွန်းမှာကြားခဲ့ရကြောင်းလည်း သိရသည်။

ထိုနည်းတူ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရေဘေးကာကွယ်ရေးတာတမံများ ကြံ့ ခိုင်မှုရှိစေရေး၊ ရေဘေးကာကွယ်ထားရှိမှု ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း လုပ်ငန်းများတွင် ပေါ့ဆမှုမရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်က ဘက်ပေါင်းစုံမှ အထူးဂရုပြု အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။

သီးနှံစိုက်ခင်းများ ရေနစ်မြုပ်၍ သီးနှံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာပါက အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတိုအရန်မျိုးစပါးများ အသင့်စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြန့်ဝေပေးခြင်း၊ အပင်ရောဂါကာကွယ် ကုသဆေးများ၊ တိရစ္ဆာန်များ အသက်ဘေးအန္တရာယ် ကာကွယ်နိုင်ရေး တိရစ္ဆာန်အသက်ကယ်ကုန်းများ ပြင်ဆင်ထားရှိခြင်း၊ ရေလွတ်ရာနေရာများသို့ အချိန်မီပြောင်းရွှေ့ခြင်း၊ တိရစ္ဆာန်များ နာမကျန်းဖြစ်ပွားပါက ကုသရန်လိုအပ်မည့် ဆေးဝါးများ၊ ကာကွယ်ဆေးများ၊ တိရစ္ဆာန်ဖြည့်စွက်အစာများ ကြိုတင်စုဆောင်း ထားရန် လိုအပ်ချက်များကိုလည်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here