အလုပ်အကိုင် (၅၂) မျိုးတွင် ကျွမ်းကျင်လုပ်သားအဖြစ် အသိအမှတ်ပြုခံရသူ (၂၆၀၀၀) ကျော်ရှိ

0
180

ပြည်တွင်း၌ အလုပ်အကိုင် (၅၂) မျိုးတွင် အမျိုးသားအဆင့် အလုပ်အကိုင်ကျွမ်းကျင်မှု အသိမှတ်ပြု လက်မှတ်ရရှိရန် ဖြေဆိုသူ (၂၉,၂၀၃)ဦး အနက် (၂၆၀၀၀) ကျော်ကို ကျွမ်းကျင်လုပ်သားအဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)၌ ဇူလိုင်လ (၂၂) ရက်ကကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေး ကော်မတီဝင်များ၊ UMFCCI ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ NS SA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ တက်ရောက်ကြကြောင်း သိရသည်။

ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးလုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇူလိုင် (၁၂) ရက်အထိ ကျွမ်းကျင်မှု စစ်ဆေးအ ကဲဖြတ်ရေးဌာန (၂၆၇) ခု၊ စစ်ဆေးအကဲဖြတ်သူ (၈၅၇) ဦး၊ စစ်ဆေးရေးမှူး(၁၀၂)ဦးကို အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင်(၅၂)မျိုးတွင် ဖြေဆိုသူ(၂၉,၂၀၃) ဦးအနက် (၂၆,၇၉၀) ဦးကို ကျွမ်းကျင်လုပ်သားအဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ဂဟေဆက်သင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်လှစ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ယူမှုအခွင့်အလမ်းများ တိုးတက်ရရှိစေရန်နှင့် ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရေး သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန်မှာကြားပြီး သင်တန်းကျောင်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး၌ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ရွေ့လျားဆေးကုသယာဉ်အတွင်း ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ တပ်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ကပ်တု သွေးသန့်စင်ခန်းတွင် လူနာများအား စက်လေးလုံးဖြင့် ကုသပေးနေမှုကိုကြည့်ရှု၍ ကျောက်ကပ်ဆေးကြောသည့် လူနာများကို အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင်အာမခံ အလုပ်သမားပေါင်း (၉၀၉,၉၅၆) ဦးအတွက် လူမှုဖူလုံရေးဆေးခန်း(၁၃)ခန်း၊ Fee for Service Payment စာချုပ် ဆေးခန်း (၃၉) ခန်း၊ Capitation Payment စာချုပ် ဆေးခန်း (၅ခန်း နှင့် Specialist OG OPD ပြသနိုင်သော ဆေးခန်း(၃၂)ခန်း၊ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ၊ ဆေးခန်း(၁၁)ခန်းဖြင့် ဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ လူနာဦးရေ (၆၉,၆၃၁) ဦးကို ဆေးဖိုးငွေကျပ် သန်းပေါင်း (၄,၃၁၉ ဒသမ ၆၃၉) ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here