ကာလုံ ကိစ္စရပ်များအတွက်သာ နစက ဥက္ကဋ္ဌက ယာယီသမ္မတအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
232

နစက ဥက္ကဋ္ဌအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအတွက်သာ ယာယီသမ္မတအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂၃ တွင် နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတော်၏ အာဏာ (၃) ရပ်လုံးကိုမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း နစက ပြောခွင့်ရက ဆိုသည်။

ယမန်နေ့ ဇူလိုင် (၂၂) ရက်ညက နစက က ထုတ်ပြန်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရားများကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံ လွှဲပြောင်းသည့် ကြေညာချက်အပေါ် နစကပြောခွင့်ရက သတင်းမီဒီယာများထံ အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “နစက ဥက္ကဋ္ဌအနေနဲ့ ကောင်စီဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်မှာလား ယာယီသမ္မတအဖြစ် ဆောင်ရွက်မှာလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ မနေ့က ထုတ်ပြန်ချက်မှာ ပါပြီးဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော် သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာဖြစ်ပါတယ်”လို့ ၎င်းက ဆိုသည်။

ထို့ပြင် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေကြေညာမှု တို့ကို ဆက်စပ်ကာ ဆောင်ရွက်မည်ဆိုပါက အရေးပေါ် ကာလမပြီးပြတ်သေးချိန်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ ပါဝင်သည့် ပုဂ္ဂိုလ်အချို့ လစ်လပ်သွားပါက ကျန်ရှိတဲ့ ပုဂ္ဂိုလ်များက ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်များကို မလွဲမသွေ ဆက်လက်ဆောင်ရွက်သွားရမည်ဟု ပြဋ္ဌာန်းထားကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။

၄င်းက မီဒီယာများကို ပြောကြားရာတွင် “ပုဒ်မ ၄၁၂ (ခ)မှာဆိုရင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေ အနေကို ထုတ်ပြန်နိုင်သည်လို့ ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ယာယီသမ္မတရဲ့ ကျန်းမာရေးအခြေအနေအရ ကာလုံ အစည်းအဝေးကို ယာယီသမ္မတ မတက်ရောက်နိုင်သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတလစ်လပ်သွားရင် ပုဒ်မ ၄၁၂ (ခ)ပါတဲ့ အခြေခံဥပဒေရဲ့ သဘောထားများအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆုံးဖြတ်ပေးရတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဦးဆောင်ရန် အဖို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စားကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကိုယ်စား နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုပဲ လွှဲပြောင်းဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းနေရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်အားမည်သည့်အတွက်မယူသနည်းဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီးလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈ မှာတော့ ဒီလိုအခြေအနေမျိုးမှာ လွှတ်တော် ဥက္ကဋ္ဌပဲရှိပြီး လွှတ်တော်ကြီးမရှိတော့ဘူး။ လွှတ်တော် ဥက္ကဋ္ဌ ဆက်လက်တည်ရှိနေတာကလည်း ပုဒ်မ ၄၂၄ အရ လွှတ်တော်ဥက္ကဋ္ဌအသစ်များ ရွေးကောက်တင်မြှောက်ပြီး တာဝန်လွှဲပြောင်းရေးအတွက်သာ ကျန်ရှိနေခြင်းဖြစ်ပါတယ်”ဟု ထပ်လောင်းပြောကြားထားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာကို နစက နှင့် အစိုးရအဖွဲ့ကပဲ ပြုလုပ်သွားမှာဖြစ်ပြီး နစက အနေနဲ့ ရှေ့လုပ်ငန်းစဉ် ဦးတည်ချက်များအတိုင်း မပြောင်းလဲဘဲ ဆက် လက်ဆောင်ရွက်သွားမှာဖြစ်သလို အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေအထွေထွေရွေးကောက်ပွဲကို မလွဲမသွေကျင်းပသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here