ကျေးလက်လမ်းဖွံ့ဖြိုးရေးအတွက် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်ဘီလီယံ ၂၆၀ခန့်ဖြင့် လမ်း၊ တံတား၊ ရေကျော်နှင့် Box Culvert တို့ကို လုပ်ဆောင်ပေးခဲ့ရာရွာပေါင်း၇၀၀၀ကျော်ရှိ ဒေသခံ ပြည်သူ ၅ သန်းခွဲကို အကျိုးပြုနိုင်ခဲ့

0
307

ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများနှင့် စီမံကိန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တင်ဒါခေါ်ယူရေးလုပ်ငန်းများကို တတ်နိုင်သမျှဆောလျင်စွာ ပြီးစီးရေးသက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောသည်။

ကျေးလက်လမ်း၊ တံတားစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် (၂၂) ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံအတွင်း ကျေးလက်လမ်း၊ တံတားများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် အားသွန်ခွန်စိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများနှင့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တင်ဒါခေါ်ယူရေးလုပ်ငန်းများကို တတ်နိုင်သမျှဆောလျင်စွာ ပြီးစီးရေးသက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစေရေးကိုလည်း အလေးထားကြပ်မတ်သွားရန်လိုကြောင်း၊ သို့မှသာ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေးအသီးအပွင့်များ၊ အကျိုးရလဒ်များကို မြန်မြန်ခံစားရရှိမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းအရှည် ၄၃၉၉၇ မိုင်ကို တာဝန်ယူတည်ဆောက် ထိန်းသိမ်းလျက်ရှိပြီး ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၉ ဒသမ ၁၃ ဘီလီယံဖြင့် လမ်းမိုင်ပေါင်း ၁၉၀၊ တံတား၊ ရေကျော်နှင့် Box Culvert ၁၆၉ စင်း၊ တိုင်းဒေသကြီး/ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၁၀ ဒသမ ၇၄ ဘီလီယံဖြင့် လမ်းမိုင်ပေါင်း ၉၃၀၊ တံတား၊ ရေကျော်နှင့် Box Culvert ၁၀၇၂ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာပေါင်း ၇၃၉၅ ရွာရှိ ဒေသခံ ပြည်သူ ၅ ဒသမ ၅၄ သန်းကို အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here