အပူပိုင်းဒေသ (၁၃) ခရိုင်တွင် ကြီးမြန်သစ်ပင်များ စိုက်ပျိုးမည်

0
205

မိတ္ထီလာ – ကျောက်ပန်းတောင်း – ညောင်ဦးလမ်းနှင့် ကျောက်ပန်းတောင်း – ချောက် – မကွေးလမ်းတို့၏ လမ်းမကြီး ဝဲ/ယာတွင် ကြီးမြန်သစ်ပင်များစိုက်ပျိုးရေးနှင့် အပူပိုင်းဇုန် ခရိုင် (၁၃) ခုတွင် အနည်းဆုံး တစ်ရွာ နှစ်ဧက စိုက်ခင်းများတည်ထောင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်စပ်ဌာနများ ပူးပေါင်း ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

အပူပိုင်းဇုန်ဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲ/ ယာ သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် (၂၃) ရက်က နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ် မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၈၀၉) ရွာတွင် ကျေးရွာထင်းစိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်း (၃၅၅၁) ဧက၊ အပင် ၂ ဒသမ ၁ သန်းကျော် စိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၉၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကားလမ်းဘေး ဝဲ/ယာ ကြီးမြန်သစ်ပင်စိုက်ပျိုးခြင်းကို အပင် (၄၀၀၀၀) ကျော်စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၉၂ ရာခိုင်နှုန်း ပြီးစီးကာ ဆက်လက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး မိတ္ထီလာခရိုင်အတွင်းရှိ ဆည်ရေလှောင်တမံ (၂၀) ၏ ရေဝေရေလဲဧရိယာများတွင် ရေဝေရေလဲထိန်းသိမ်းခြင်းနှင့် ရေဝေရေလဲစိုက်ခင်းတည်ထောင်ခြင်းများအတွက်လည်း ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အပူပိုင်းဇုန်ဒေသ (၁၃)ခရိုင်အတွင်း အနည်းဆုံး တစ်ရွာ (၂) ဧက စိုက်ခင်းတည်ထောင်နိုင်ရေးအတွက် မြေနေရာရရှိရေး၊ ကျေးရွာများရှိ မြေပိုင်ဆိုင်မှုနှင့် မြေအသုံးချမှုများ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး၊ ရွာအဝင်နှင့် ရွာတွင်းလမ်းဘေး၊ အိမ်ခြံဝင်းအတွင်းပါ သစ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အပူပိုင်းဒေသ ပြန်လည်စိမ်းလန်းစိုပြည်လာစေရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် အားလုံး ဝိုင်းဝန်းပါဝင်ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်ရီက အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here