အတ္ထရံမြစ်ရေ မြင့်တက်လာမှုကြောင့် ကျိုက်မရော‌တွင် ကျေးရွာအချို့ရေစတင်ဝင်ရောက်နေသဖြင့် ကူညီကယ်ဆယ်ရေးများအတွက် အသင့်ပြင်ဆင်ထားရ

0
76

မွန်ပြည်နယ်အတွင်းရှိ အတ္ထရံမြစ်ရေ မြင့်တက်လာမှုကြောင့် ကျိုက်မရောမြို့နယ်၊ ကျေးရွာအချို့နှင့် မြစ်ကမ်းနဘေးရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ရှိနေပြီဖြစ်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ကိုဘိုကိုဝင်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယနေ့ ဇူလိုင် (၂၄)ရက်၊ နံနက်ပိုင်းအချိန်အထိ ကျိုက်မရောမြို့နယ်နှင့်ချောင်းဆုံမြို့နယ်များအတွင်း မိုးရေချိန်(၇)လက်မအထိ ရွာသွန်းနေခြင်းကြောင့် မြစ်ရေချောင်းရေများ မြင့်တက်လာနေသည်ဟု ၎င်းက ရှင်းပြသည်။

“မော်လမြိုင်မိုးလို့ ခေါ်တာပေါ့။ နေမပွင့်တော့ဘူး၊ ဒီတိုင်းသာ မိုးကဆက်ရွာရင် မြေပြို တောင်ပြိုတာတွေကို ကျွန်နော်တို့ နည်းနည်းကြောက်တာပေါ့။ ရေကြီးတာ ပြဿနာမရှိဘူး။ ဘာဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးအသင့်ပြင်ဆင်ထားပြီးပါပြီ”ဟု ၎င်း က ပြောသည်။

ကူညီကယ်ဆယ်ရေးများအတွက် မော်လမြိုင်မြို့တွင်သာမက ပြည်နယ်တစ်ခုလုံးရှိ ကယ်ဆယ်ရေးအဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကွန်ရက်ချိတ်ဆက်ထားရှိပြီး ဖြစ် ကြောင်းလည်း၎င်းက ဖြည့်စွက်ပြောကြားသည်။

ထို့ပြင် ကျိုက်ခမီ – ကျုံကဒက် ကားလမ်းနှင့် ရေးမြို့နယ် ဝဲကလိ သွားလမ်းပိုင်းတွင် ရေစတင်ကျော်နေပြီး လက်ရှိဇူလိုင်လ (၂၄)ရက် မွန်းလွဲပိုင်းအချိန်အထိ ယာဉ်များဖြတ်သန်းသွားလာ၍ ရနေကြောင်း သိရသည်။

“သံဖြူဇရပ် နှီးပဒေါဘက်လမ်းပိုင်းလည်း ရေစကျော်နေပြီလို့သိရတယ်။ အပေါ်ရေ(မိုးရေ)များတာကြောင့် ဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အပါအဝင် ကျိုက်မရော၊ ချောင်းဆုံမြို့နယ်တို့သည့် နှစ်စဉ် မိုးရေချိန်လက်မကျော်လွန်ရွာသွန်းပါက အတ္ထရံမြစ်ရေ မြင့်တက်လေ့ရှိပြီး မြစ်အနီးကျေး ရွာများ၊ မြေနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

နှစ်စဉ် ဇွန်လမှ ဩဂုန်လအထိ မိုးရွာသွန်းမှုများသည့်ဒေသများအတွင်း မြေပြိုမှုများဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိသဖြင့် သတိပြုရန်လိုအပ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here