မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်တင်းမာမှုအရေးတို့ လွှမ်းမိုးတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး လာအိုမှာ ကျင်းပနေ

0
211

မြန်မာ့ပြည်တွင်းရေး ပဋိပက္ခနဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာတင်းမာမှုတွေကြီးထွားနေမှုကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ အရိပ်လွှမ်းတဲ့ တွေ့ဆုံဆွေးနွေးမှုတသီတတန်းအတွက် အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးတွေ ယခုသီတင်းပတ်အတွင်း လာအိုနိုင်ငံမှာ အစည်းအဝေးကျင်းပလျက်ရှိကြပါတယ်။

အာဆီယံရဲ့ ယခုနှစ် အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံက မြို့တော် ဗီယန်ကျင်းမှာ အစည်းအဝေးကို လက်ခံကျင်းပနေပြီး အဖွဲ့ရဲ့ အဓိကဝန်ကြီးအဆင့် အစည်းအဝေးတွေကို ကြာသပတေးနေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ တရုတ်၊ ဂျပန်နဲ့ အမေရိကန်တို့လို အာဆီယံရဲ့ အဓိကမိတ်ဖက်နိုင်ငံတွေပါဝင်တဲ့ ထပ်တိုးအစည်းအဝေးအစီအစဉ်တွေကိုတော့ စနေနေ့အထိ ပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အစည်းအဝေးတွေဟာ အာဆီယံအသိုက်အဝန်းကို အားကောင်းလာစေဖို့၊ အာဆီယံအသိုက်အဝန်း ချိတ်ဆက်မှုနဲ့ ခံနိုင်ရည်ရှိမှုတို့ကို မြှင့်တင်ဖို့ အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အစည်းအဝေးမတိုင်မီ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်မှုဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး မငြိမ်မသက်မှုတွေ ဆက်ဖြစ်နေစဉ် အရှေ့တောင်အာရှအတွက် အရေးပါတဲ့ အလှည့်အပြောင်းအခြေအနေမှာ အခုအစည်းအဝေး ကျင်းပနေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလက မြန်မာနဲ့ အာဆီယံအကြား သဘောတူညီခဲ့တဲ့ ငြိမ်းချမ်းမှုပြန်လည်ရရှိရေး လမ်းပြမြေပုံ မူငါးချက်ဟာ တိုးတက်မှုအနည်းအကျဉ်းသာရှိခဲ့ပါတယ်။

ယမန်နှစ်က အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ လာအိုနဲ့ နောက်ဥက္ကဋ္ဌမလေးရှားတို့ဟာ မြန်မာနိုင်ငံနဲ့ ဆက်နွယ်တဲ့ လုပ်ဆောင်ချက်များ စဉ်ဆက်မပြတ်စေရေး အဖွဲ့က သဘောတူညီခဲ့တဲ့ သုံးနိုင်ငံ Troika ပုံစံနဲ့အညီ မူငါးချက်ဆိုင်ရာ အလွတ်သဘောဆွေးနွေးမှုအတွက် သီးခြားတွေ့ဆုံးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ Troika အစည်းအဝေးတွေမှာ မူငါးချက် သဘောတူညီမှု အကောင်အထည်ဖော်ရေးနဲ့ ပိုမိုပြည့်စုံတဲ့ အာဆီယံ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ မဟာဗျူဟာကို ဖော်ဆောင်ရာမှာ အာဆီယံအဖွဲ့ ဆက်လက်ကြိုးပမ်းအားထုတ်မှုရဲ့ အရေးပါမှုကို ဝန်ကြီးက အလေးပေးဖော်ထုတ်သွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here