အမေရိကန်ကွန်ဂရက်မှာ နေတန်ယာဟု မိန့်ခွန်းပြောကြားစဉ် ဆန္ဒပြသူတွေက ပါလက်စတိုင်းအလံတွေ ဝှေ့ယမ်း

0
232

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ရောက်ရှိလာမှုအား ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန်ရဲ့ ယူနီယံဘူတာရုံအပြင်ဘက်မှာ ဆန္ဒပြသူတွေစုရုံးခဲ့ကြပြီး ပါလက်စတိုင်းအလံတွေ ဝှေ့ယမ်းလွှင့်ထူခဲ့ကြကာ အမေရိကန်အနေနဲ့ အစ္စရေးကို စစ်ရေးအထောက်အပံ့ပေးနေမှုတွေ ရပ်တန့်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ယင်းနေရာနဲ့ တစ်မိုင်နီးပါးသာဝေးတဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ နေတန်ယာဟု မိန့်ခွန်းပြောကြားနေစဉ် အမေရိကန် Capitol အပြင်ဘက်မှာ စုဝေးလာကြတဲ့ ပါလက်စတိုင်းထောက်ခံ ဆန္ဒပြသူထောင်ချီအနက် အချို့ကို ရဲတပ်ဖွဲ့က ငရုတ်ဖျန်းဆေးတွေသုံးပြီး တားမြစ်တာတွေလုပ်ခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာစစ်ပွဲအတွက် အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုရရှိရေးကြိုးပမ်းနေတဲ့ နေတန်ယာဟုဟာ စစ်ပွဲအလွန် ဂါဇာကမ်းမြောင်အတွက် သင့်လျော်တဲ့အစီအမံတစ်ခုနဲ့ပတ်သက်ပြီး မရေရာတဲ့အစီအစဉ်ကို ပုံဖော်ခဲ့ကာ အမေရိကန်ရဲ့ အာရပ်မဟာမိတ်တွေနဲ့ အစ္စရေးတို့အကြား အနာဂတ်မှာ မဟာမိတ်တွေဖြစ်လာမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

သူဟာ ကြာသပတေးနေ့မှာ သမ္မတ ဂျိုးဘိုင်ဒင်၊ ဒု-သမ္မတ ကမယ်လာဟဲရစ်တို့နဲ့ တွေ့ဆုံသွားဖို့ရှိသလို သောကြာနေ့မှာတော့ သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။

နေတန်ယာဟု မိန့်ခွန်းမပြောမီမှာ ဆန္ဒပြသူတွေဟာ တားမြစ်လိုင်းကို ဖြတ်ကျော်ဖို့ကြိုးစားခဲ့ကြတယ်လို့ Capitol ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့တားမြစ်လိုင်းကနေ ပြန်ဆုတ်ခွာပေးဖို့ ညွှန်ကြားခဲ့ပေမယ့် လူအုပ်က မလိုက်နာခဲ့တာကြောင့် ဥပဒေကို ချိုးဖောက်ပြီး တားမြစ်လိုင်းကို ဖြတ်ကျော်ခဲ့သူတိုင်းအား ငရုတ်ဖျန်းဆေးတွေသုံးပြီး တားမြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

အမေရိကန်မှာ ပါလက်စတိုင်းထောက်ခံ အုပ်စုတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ အစ္စရေးရဲ့ ဂါဇာ ထိုးစစ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ လနဲ့ချီ ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ဟားမတ်စ်အုပ်ချုပ်တဲ့ ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်တွေရဲ့ အဆိုအရ စစ်ပွဲအတွင်း ပါလက်စတိုင်း ၄၀၀၀၀ နီးပါး ‌ေ-သဆုံးခဲ့ပြီလို့ သိရပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဟားမတ်စ်စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၂၀၀ ခန့်‌ေ-သဆုံးကာ နောက်ထပ် ၂၅၀ လောက် ဓ-ါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဖြစ်ရပ်မှအစပြုကာ အစ္စရေးရဲ့ ဟားမတ်စ်ချေမှုန်းရေး ထိုးစစ် စတင်ပေါ်ပေါက်ခဲ့ပါတယ်။

ဒီပဋိပက္ခအပေါ် အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့က ကြားဝင်ဖျန်ဖြေဖို့ ကြိုးပမ်းနေခဲ့ကြပေမယ့် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား လက်ရှိအထိ ထာဝရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခြင်း မရှိသေးပါဘူး။

Ref:Aol


LEAVE A REPLY

Please enter your comment!
Please enter your name here