ဘီးလင်းတွင် ဘီးလင်းမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် ကယ်ဆယ် ရွှေ့ပြောင်းရေးလုပ်ငန်းများ လုပ်ဆောင်နေရ

0
140

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက် (၇) အပိုင်းမှ နေအိမ်များအတွင်းသို့ ဘီးလင်းမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇူလိုင် (၂၅)ရက်၊ နေ့လယ်ပိုင်းအချိန်တွင် ဘီးလင်းမြို့တွင် နေအိမ်များအတွင်းသို့ ဘီးလင်းမြစ်ရေ မြင့်တက်ဝင်ရောက်လာသဖြင့် မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ယနေ့ ဇူလိုင် (၂၅)ရက်၊ နံနက် (၇)နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေမှာ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ် ၃၃.၅၃ ပေ (၁၀၂၀၂ စင်တီမီတာ) အောက် (၁) ပေကျော်ခန့် (၃၄ စင်တီမီတာ)တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားသည်။

ဘီးလင်းမြစ်ရေမှာ နောက် (၁၂)နာရီအတွင်း ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သောကြောင့် ဘီးလင်းမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလမှ အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် မွန်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေသောကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုကြရန်နှင့် ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာပါကအရေးပေါ် ဆက်သွယ်ရန် လူမှုကယ်ဆယ်ရေးအဖွဲများမှလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here