မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် တရုတ်ကို ဖိတ်ခေါ်

0
105

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု အလားအလာ အလွန်ကောင်းမွန်သည့် နိုင်ငံဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

(၈)ကြိမ်မြောက် တရုတ် – တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန် သွင်းကုန်ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် တတ်ရောက်မိန့်ခွန်းပြောကြားစဉ် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

(၈)ကြိမ်မြောက် တရုတ် – တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန် သွင်းကုန်ပြပွဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာတင်းကျုံ့လီ၊ သီရိလင်္ကာနိုင်ငံလွှတ်တော်ဥက္ကဋ္ဌ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ မော်လ်ဒိုက်နိုင်ငံ ဒုတိယလွှတ်တော် ဥက္ကဋ္ဌနှင့် နီပေါနိုင်ငံ ဒုတိယလွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်ကာ အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြသည်။

ယခုကဲ့သို့ ကုန်စည်ပြပွဲကို နှစ်စဉ်ဖိတ်ခေါ်ကျင်းပပြုလုပ်သည့်အပေါ် တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရကို ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံသည် လူဦးရေ ၃ ဒသမ ၂ ဘီလီယံ အခြေချနေထိုင်လျက်ရှိသော အိမ်နီးချင်းနိုင်ငံ (၅) နိုင်ငံ၏ အလယ်တွင်ရှိပြီး သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်ကြွယ်ဝသော အခြေခံကောင်းများရှိကာ အိန္ဒိယသမုဒ္ဒရာတွင် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအလားအလာအလွန်ကောင်းမွန်သော နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ပေါင်းစပ်ပေးနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဖိတ်ခေါ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲကို အရှေ့တောင်အာရှ (၁၀) နိုင်ငံနှင့် တောင်အာရှ (၈) နိုင်ငံ တို့မှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီးပြပွဲကို ဇူလိုင် (၂၃) ရက်မှ (၂၈)ရက်အထိ ကျင်းပလျက်ရှိကာ နိုင်ငံပေါင်း (၈၂) နိုင်ငံမှ ကုမ္ပဏီပေါင်း (၂၀၀၀) ကျော်က ပြခန်းပေါင်း (၈၀၀) ကျော် ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

ယင်း ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ကုမ္ပဏီ (၂၄) ခု က ပြခန်းပေါင်း (၂၆) ခု ပါဝင်ပြသလျက်ရှိပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုန်စည်ပြပွဲရှိ အပြည်ပြည်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုကာ မြန်မာနိုင်ငံမှလယ်ယာထွက်ကုန်များ၊ လက်မှုပစ္စည်းများ၊ ကျောက်မျက်ရတနာများ ခင်းကျင်းပြသထားသည့် မြန်မာပြခန်းများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းလည်း သိရသည်။

တရုတ်−တောင်အာရှကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်စေရေးနှင့် ပြည်သူများအကြား ကူးလူးဆက် ဆံမှု ပိုမိုများပြားလာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ကုန်စည်ပြပွဲကို “စည်းလုံးညီညွတ်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here