လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်နယ်အစိုးရနှင့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

0
295

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များ တွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင် (၂၃) ရက်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများအား အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်အတွက် စေတနာထားကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးမှုရှိစေရေး၊ စံချိန်စံညွှန်း အရည်အသွေးပြည့်ဝမှုရှိစေရေးနှင့် ပေးသွင်းရမည့် အခွန်အခများပေးသွင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းမှာကြားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လွိုင်ကော်မြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ဌာနဆိုင်ရာရုံးများဖွင့်လှစ်နိုင်ရေး၊ နေရပ်ပြန်ပြည်သူများလက်ခံခြင်း၊ ပြည်သူများ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူများအခြေခံလိုအပ်ချက်များအား ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ကဏ္ဍစုံတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဦးစားပေးအဆင့်အလိုက် ဟန်ချက်ညီဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသိန်းက ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့ကာ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊လုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here