သံလွင်မြစ်‌ရေ ဘားအံမြို့တွင် နောက်တစ်ရက်အတွင်း နှစ်ပေခန့် ထပ်မြင့်တက်နိုင်

0
113

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေရာ သံလွင်မြစ်‌ရေမှာ ယနေ့ ဇူလိုင်(၂၆)ရက်၊ နံနက် (၆)နာရီခွဲအချိန် တိုင်းတာချက်အရ (၈၅၃)စင်တီမီတာရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ထက် နှစ်ပေခန့် မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

သံလွင်မြစ်ရေ မြင့်တက်‌နေသဖြင့် မြစ်ကမ်းအနီး နေထိုင်သူများနှင့် မြေနိမ့်ပိုင်းရပ်ကွက်တွင် နေထိုင်သူများလည်း ဂရုတစိုက်နေထိုင်ကြရန်နှင့် မိုးဆက်လက်ရွာသွန်းပါက မြစ်ရေထပ်တိုးလာနိုင်ကြောင်းလည်း သိရသည်။

သံလွင်မြစ်ရေ မြင့်တက်‌နေရာ ဇူလိုင် (၂၄)ရက်မှ စတင်၍ ဘားအံနှင့် လှိုင်းဘွဲ့မြို့တို့တွင် ကယ်ဆယ်ရေးစခန်း (၉) နေရာဖွင့်လှစ်ထားရှိပြီး အမာခံကယ်ဆယ်ရေးအဖွဲ့ဝင် (၅၀)ဦးဖြင့် စောင့်ကြည့်နေကြောင်း ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လက်ရှိ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့(၂၀၀)ဦးဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကာ အမာခံကယ်ဆယ်ရေးအဖွဲ့ (၅၀)ဖြင့်မြစ်ရေအခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

လက်ရှိတွင် ဘားအံမြို့တွင် ကယ်ဆယ်ရေးစခန်း(၆)နေရာ၊ လှိုင်းဘွဲ့မြို့တွင် ကယ်ဆယ်ရေးစခန်း(၃)နေရာ စုစုပေါင်း (၉) နေရာအသင့် ပြင်ဆင်ထားရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

Photo Credit- Saw Chaint Phaung

ပုံစာ-ယနေ့နံနက် ၇ နာရီဘားအံမြို့ ကမ်းနားလမ်းမြင်ကွင်း ။


LEAVE A REPLY

Please enter your comment!
Please enter your name here