ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ကြက်တောင်မယ် သက်ထားသူဇာ ဂျပန်နိုင်ငံသူဖြင့် အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမည်

0
166

ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာ့လက်‌ရွေးစင် ကြက်တောင်မယ် သက်ထားသူသည် ကမ္ဘာ့အဆင့် (၅)ရှိသည့် ဂျပန်ကြက်တောင်မယ် ယာမာဂူချီ ဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က တရားဝင်အသိပေးထားပြီဖြစ်သည်။

ပွဲစဉ်အား ဇူလိုင်(၂၇)ရက်နေ့ ပဲရစ်စံတော်ချိန် ည (၇)နာရီခွဲအချိန်တွင် ကွင်းအမှတ်(၂)၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

” သက်ထား group C ထဲမှာပါတဲ့ Akane Yamaguchi (Japan) နဲ့ Michelle Li (Canada) နှစ်ယောက်ထဲမှာ Japan က Akane နဲ့ အရင်ဦးဆုံး 27th July Olympic ကြက်တောင်ပြိုင်ပွဲ စစချင်းနေ့မှာ ရိုက်ရမှာဖြစ်ပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ အားလုံးလဲ အားပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်”ဟု အသိပေးထားသည်။

ထို့နောက် ကမ္ဘာ့အဆင့် (၃၁)ရှိသည့် ကနေဒါ ကြက်တောင်မယ် မီရှယ်လီနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး သက်ထားသူဇာသည် ကမ္ယာ့အဆင့်သတ်မှတ်ချက်(၄၃) နေရာတွင် ရပ်တည်နေသူ ကစားသမားတစ်ဦးဖြစ်သည်။

သက်ထားသူဇာသည် ပဲရစ် အိုလံပစ်ပြိုင်ပွဲသို့ဝင်ရောက်ရန် အဆင့်သတ်မှတ်ချက် (၃၆)အထိ ခွင့်ပြုထားရာ သက်ထားသူဇာအနေဖြင့် နိုင်ငံတကာ လက်ရည်စမ်းပွဲများမှ ရမှတ် (၃၂,၆၃၀)မှတ်ဖြင့် အဆင့်ရပ်တည်မှု (၂၂ )နေရာတွင် ရရှိခဲ့ခြင်းကြောင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ကြက်တောင်မယ် သက်‌ထားသူဇာ ပဲရစ်အိုလံပစ် ပြိုင်ပွဲအတွက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ယခုလ ဇူလိုင် (၂၂)ရက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here